ရွှေဈေးတစ်ဟုန်ထိုးမြင့်တက်မှုကြောင့် စီးပွားရေးအကြံပေးများမှာ စိုးရိမ်ပူပန်စွာစောင့်ကြည့်လျက်ရှိကြောင်း၊ ရွှေဈေးရုတ်တရက်မြင့်တက်မှုကြောင့် မင်္ဂလာဆောင်မည့် သတို့သမီးလောင်းများ၏ မိဘများမှာရွှေဝယ်ယူရန် အတွက် ငွေကြေးမလုံလောက်မည်ကို စိုးရိမ်လျက်ရှိကြောင်း၊ ယခုနှစ်အတွင်း ရွှေဈေးမှာ (၃၆) ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတင်းမာမှု၊ Covid-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု၊ ငွေကြေးဖောင်းပွမှုနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမသေချာမှုများကြောင့် အဖိုးတန်ရွှေထည်ပစ္စည်းများ ဝယ်ယူမှုမှာမြင့်တက်လာကြောင်း၊ အမေရိကန်ဒေါ်လာအားနည်းမှုနှင့် အသွားအလာကန့်သတ်မှုများ လျော့နည်းလာမှု ကြောင့် ကမ္ဘာ့ဗဟိုဘဏ်မှ ငွေသားကိုင်ဆောင်မှုထက် ရွှေများဝယ်ယူ ပိုမိုရင်းနှီးမြှုပ်နှံထားရန်လုပ်ဆောင်ခဲ့ကြောင်း၊ ၇-၈-၂၀၂၀ ရက်နေ့တွင် ဟောင်ကောင်ဒေသ၏ ရွှေဈေးမှာ (၅၀) ဂရမ်လျှင် ဟောင်ကောင်ဒေါ်လာ (၁၉,၂၄၇) သို့ ရောက်ရှိခဲ့ကြောင်း၊ ရွှေထည်လက်ဝတ်ရတနာပစ္စည်းများမှာ တရုတ်ရိုးရာအရ မင်္ဂလာအခမ်းအနားပွဲများအတွက် အရေးကြီးကြောင်း၊ ရွှေလက်ကောက် (၅၀) ဂရမ်လျှင် ယခုလက်ရှိတွင် ဟောင်ကောင်ဒေါ်လာ (၂၀,၈၄၇) ရှိရာ နှစ်ဦးပိုင်းက ဟောင်ကောင်ဒေါ်လာ (၁၆,၀၃၈) ရှိခဲ့ခြင်းထက် (၃၀) ရာခိုင်နှုန်း ပိုမိုမြင့်မားလာကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် ရွှေဈေးမှာ ဆက်လက်မြင့်တက်နေမည်ဖြစ်ကြောင်း၊ နောင်လာမည့် (၃) လအတွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၂,၃၀၀) ထိမြင့်တက်နိုင်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Enoch Yiu က “ Gold surge a concern for parents of brides-to-be” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။
(စီးပွားရေးသံမှူး၊ ဟောင်ကောင်)