India (Delhi)

အထူးစီးပွားရေးဇုန် ဥပဒေအား အသစ်ပြဌာန်းရန် အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက အဆိုပြု

Last Updated:

အိန္ဒိယနိုင်ငံ၌ ပြည်နယ်များအကြား ဝန်ဆောင်မှုဗဟိုဌာနများနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မိတ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် တည်ရှိဆဲ အထူးစီးပွားရေးဇုန်  အက်ဥပဒေအား ဥပဒေအသစ်ဖြင့် အစားထိုးမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ၁-၂-၂၀၂၂ နေ့တွင် ထုတ်ဖော်ပြောကြားပါသည်။

လက်ရှိ အထူးစီးပွားရေးဇုန်အက်ဥပဒေအား ကုန်ထုတ်လုပ်မှုမြှင့်တင်ရန်နှင့် ပို့ကုန်ဗဟိုဌာနများ ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၆ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး အကောက်ခွန်ဆိုင်ရာ ပြဌာန်းချက်များအရ ၎င်းစီးပွားရေးဇုန်များရှိလုပ်ငန်းများအား နိုင်ငံခြားသားပိုင် လုပ်ငန်းများအဖြစ် မှတ်ယူဆက်ဆံခြင်းဖြစ်ပါသည်။ မူလက အထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများအနေဖြင့် ပထမ ၅ နှစ် အတွင်း ပို့ကုန်မှဝင်ငွေအပေါ် ၁၀၀ ရာခိုင်နှုန်းပြည့် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ ဒုတိယ ၅ နှစ်အတွက် ပို့ကုန်မှဝင်ငွေအပေါ် ၅၀% ဝင်ငွေခွန်သက်သာခွင့်နှင့် တတိယ ၅ နှစ်တွင် အမြတ်ငွေအား ပြန်လည်အရင်းပြု၍ ပို့ကုန်တင်ပို့မှုမှ ဝင်ငွေအပေါ် အခွန် ၅၀% သက်သာခွင့်တို့ကို ပေးအပ်ခဲ့သော် လည်း အခွန်သက်သာခွင့်အား သက်တမ်းကုန်ဆုံးစေမည့် ဝါကျစာပိုဒ်များနှင့် အနိမ့်ဆုံးပေးဆောင် ရမည့် အလှည့်ကျအခွန်တို့ကို စည်းကြပ်မှုပြုချိန်မှစ၍ ၎င်းဥပဒေအရ လုပ်ကိုင်သည့် အထူးစီးပွားရေးဇုန်များ၏ အရှိန်အဝါ တောက်ပြောင်မှုမှာ လျော့ပါးခဲ့ပါသည်။

၂၀၂၂-၂၃ ခုနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး အစီအစဉ်အား လွှတ်တော် သို့ တင်ပြရာတွင် ထိုကဲ့သို့ အထူးစီးပွားရေးဇုန် ဥပဒေအသစ် ပြဌာန်းနိုင်ရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး နီမာလာစီသာရာမန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ အခြေခံအဆောက်အုံ များအား သင့်မြတ်လျော်ညီစွာ အသုံးပြုလျက် ပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်ရေး ဥပဒေအသစ်သည် တည်ရှိဆဲနှင့် အသစ်ပေါ်ပေါက်လာမည့် ကုန်ထုတ်လုပ်ငန်းကြီးများ အားလုံးအပေါ် လွှမ်းခြုံမှုရှိမည်ဖြစ်ကြောင်း၊ အစိုးရသည် စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူစေရေးအတွက် အထူးစီးပွားရေးဇုန်များ၏ အကောက်ခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုတွင်လည်း သတင်းအချက်အလက် နည်းပညာရပ်များ အပြည့်အဝ အသုံးပြုလျက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ ပြောင်းလဲလုပ်ဆောင်မှုများအား လာမည့် စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း အကောင် အထည်ဖော်ဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်းဖြင့် ၎င်းက ပြောကြားပါသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ပီယွတ်ရှ်ဂိုယယ်ကလည်း အထူးစီးပွားရေးဇုန် ဥပဒေအသစ် ပြဌာန်းနိုင်ရေးအတွက် ၎င်း၏ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အစိုးရများနှင့် သက်ဆိုင်သည့်လုပ်ငန်းအဖွဲ့အစည်းများအားလုံးနှင့် တိုင်ပင်ဆွေးနွေးလျက်ရှိကြောင်း၊ ဥပဒေ အသစ်၏ အပြီးသတ်မူဘောင် ထွက်ပေါ်လာရန်မှာ ၄ လမှ ၆ လခန့်အထိ အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းလုံး၌ အထူးစီးပွားရေးဇုန်ပေါင်း ၂၅၀ ကျော်နှင့် စက်မှုဥယျာဉ်နယ်မြေပေါင်း ၁၀၀ ကျော်ရှိပြီး ၎င်းဇုန်နယ်မြေများရှိ လစ်လပ်လျက်ရှိသော မြေနေရာများနှင့် အဆောက်အအုံများအားလုံးကို အပြည့်အဝအသုံးပြုနိုင်ရေးအတွက် ဥပဒေအသစ်ကို ပြင်ဆင်ပြဌာန်းရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။

အိန္ဒိယအစိုးရသည် ၃၁-၃-၂၀၂၀ နေ့မတိုင်မီကာလအတွင်း လုပ်ငန်းစတင်ဆောင်ရွက်သော အထူးစီးပွားရေးဇုန်များရှိ ကုမ္ပဏီလုပ်ငန်းအသစ်များသည်သာ ဝင်ငွေခွန်ကင်းလွတ်ခွင့်ဆိုင်ရာ သက်သာမှုများကိုရရှိနိုင်မည်ဖြစ်ကြောင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၌ ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။  ယခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့အထိ အထူးစီးပွားရေးဇုန်ပေါင်း ၄၂၅ ခုကို တည်ထောင် လုပ်ကိုင်ရန် အစိုးရက အတည်ပြု ခွင့်ပြုချက် ချမှတ်ပေးထားပြီး ၎င်းတို့အနက် ၃၁-၁၂-၂၀၂၁ နေ့အထိ လုပ်ငန်း ဆောင်ရွက်လည်ပတ်လျက်ရှိသော ဇုန်ပေါင်း ၂၆၈ ခုရှိပါသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက် နေ့အထိ အဆိုပါ အထူးစီးပွားရေးဇုန်များ၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှု ပမာဏမှာ ရူပီးငွေ ၆၂၈၅ ဒသမ ၆၅၈၉ ဘီလီယံရှိပြီး လူဦးရေ ၂.၅၆ သန်းကျော်အတွက် အလုပ်အကိုင် ဖန်တီးပေးထားကြောင်း၊ ၂၀၂၀-၂၁ ခုနှစ်တွင် အထူးစီးပွားရေးဇုန်များမှ ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၃၂ ဘီလီယံ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Govt proposes to replace existing SEZ law with new legislation, 1-2-2022,Business Standard

                     2. It should take 4-6 months on final framework for new SEZ law: Goyal, 1-2-2022, Business Standard

Category: India (Delhi)