USA

အမေရိကန်စီးပွားရေး လျင်လျင်မြန်မြန် ပြန်လည်ထူဆောင်နိုင်မည်မဟုတ်ဟု စီးပွားရေးပညာရှင်များခန့်မှန်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အမေရိကန်၏ စီးပွားရေး အရှိန်အဟုန်နှင့် ကျဆင်း လျက်ရှိကြောင်း AP သတင်းစာမျက်နှာတွင် ဖော်ပြထားပါသည်။ ယခုဆိုလျှင် ပြည်နယ် တစ်ချို့က စီးပွားရေးလုပ်ငန်းတစ်ချို့  အလုပ်ပြန်လည် လုပ်ဆောင်နေကြပြီ ဖြစ်တဲ့အတွက် ၂၀၂၀ပြည့်နှစ်၏ ဒုတိယ နှစ်ဝက်အတွင်း စီးပွားရေး ပြန်လည် ထူထောင်နိုင်ရန် မျှော်လင့်ချက် ရောင်ခြည်သန်းနေပြီဖြစ်ပါသည်။ အလုပ်သမားများကလည်း အရင်လိုပြန်လည် လုပ်ငန်းခွင်ဝင်ရောက်သလို စားသုံးသူများကလည်း အရင်လို ပြန်လည်ဝယ်ယူသုံးစွဲမည်ဆိုပါက စီးပွားရေး သည် သိသိသာသာပြန်လည် ကောင်းမွန်လာမည်ဖြစ်ပါသည်။

 စီးပွားရေးပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ဆိုးဝါးစွာ ကူးစက်ပြီး စီးပွားရေး တစ်ခါပြန်ပိတ်ရမည်လားဆိုသည့် စိုးရိမ်မှုများလည်း ရှိနေကြသည်။ တခြားတစ်နည်း ကတော့ ပြည်သူများ - အလုပ်သမားနှင့် စားသုံးသူများအနေနှင့် ကိုရိုနာဗိုင်းရပ်စ်အား အထူးသတိကြီးစွာ ဆက်လက်ထိန်းချုပ်ပြီးမှ စီးပွားရေး ပြန်လည်စတင်သင့်လားဆိုသည့် အချက်ဖြစ်ပါသည်။ ယင်းအတိုင်း ဆောင်ရွက်သွားမည်ဆိုပါကလည်း စီးပွားရေးပြန်လည်ထူထောင်အောင် ဆောင်ရွက်လာနိုင်မည် မဟုတ်ကြောင်း ဖော်ပြထားပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် နိုင်ငံအတွင်းနေရာအတော်များများ ပိတ်ထားခဲ့ရပြီး စီးပွားရေးစတင်ကျဆင်းလာကာ အကြာရှည်ဆုံးကျဆင်းမှုလည်း ဖြစ်နိုင် ကြောင်း၊ အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ပြည့်နှစ်၊ ပထမ ၃ လတာကာလတွင် ၄.၈ ရာခို်နှုန်း ကျဆင်းခဲ့ကြောင်း ဧပြီလ ၂၉ ရက်နေ့က အစိုးရ၏ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ပထမ ၃ လတာကာလ၌ ကျဆင်းခဲ့သည့် စီးပွားရေးသည် ဆက်လက်၍ ဒုတိယ ၃ လတာကာလဖြစ်သည့် ဧပြီ၊ မေနှင့် ဇွန်လတို့တွင်လည်း ကျဆင်း နေမည်ဖြစ်ပါသည်။ လွှတ်တော် ငွေစာရင်းရုံးက စီးပွားရေးဆောင်ရွက်မှုသည် ယခု ၃ လပတ်ကာလတွင် နှစ်စဉ် နှုန်းထား၏ ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟု ခန့်မှန်းထားပါသည်။

စားသုံးသူများက အိမ်မှာနေကြပြီး အလုပ်သမားများကလည်း ၎င်းတို့အလုပ်ပြန်မလုပ်နိုင်ပါက အမေရိကန်၏စီးပွားရေး ပျက်ဆီးဆုံးရှုံးမှု ကြီးစွာရင်ဆိုင်ကြရပြီး အမြဲတမ်း မိသားစုဝင်ငွေကျဆင်းလာခြင်း၊ ထာဝရစီးပွားရေးလုပ်ငန်းပိတ်ရခြင်း၊ ထာဝရ အလုပ်လက်မဲ့ဖြစ်ခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု လျော့နည်း ခြင်းတို့ဖြစ်လာနိုင်ပြီး စီးပွားရေးပြန်လည် ဦးမော့လာရန် ဟန့်တားနေမည်ဖြစ်ပါသည်။

ဂျီဒီပီအစီရင်ခံစာတွင် စီးပွားရေးဆောင်ရွက်မှု၏ ၇၀ ရာခိုင်နှုန်းရှိသည့် အိမ်ထောင်စုများ၏ သုံးစွဲမှုကျဆင်းလာခြင်းသည် အမေရိကန်စီးပွားရေးအတွက်  အားနည်းမှု ဖြစ်ပေါ်နေကြောင်း ဖော်ပြထားပါသည်။ ၂၀၂၀ ပြည့်နှစ်၏ ပထမ ၃ လတာကာလတွင် အိမ်ထောင်စုများ၏ သုံးစွဲမှုသည် နှစ်စဉ်နှုန်းထား၏ ၇.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၉၈၀ ခုနှစ်ကတည်းက အနိမ့်ဆုံးကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုသည် ၈.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

စီးပွားရေးကျဆင်းနေခြင်းမှ ပြင်းပြင်းထန်ထန်စီးပွားရေးပျက်သည်ထိ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကျန်းမာရေးအကျပ်အတည်း ဖြေရှင်းပြီးသည့်အခါ သမ္မတထရမ့် အစိုးရအနေနှင့် စီးပွားရေးလျင်လျင်မြန်မြန် ပြန်လည်ထူထောင်နိုင်ရန် ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက် ရှိသည်။

အမေရိကန်ပြည်သူအများစုသည် ခရီးသွားခြင်း၊ စတိုးဆိုင်များတွင်ဈေးဝယ်ခြင်း၊ စားသောက်ဆိုင်များတွင် သွားရောက်စားသုံးခြင်း၊ ရုပ်ရှင်ရုံများတွင် သွားကြည့် ခြင်းတို့ကို ဆောင်ရွက်ရန်လွန်စွာကြောက်ရွံ့နေနိုင်ကြောင်း စီးပွားရေးပညာရှင်များက အကြံပြုကြသည်။ ထို့ပြင် ပြည်နယ်နှင့် ပြည်ထောင်စု အစိုးရတာဝန်ရှိသူများကို လည်း ကျန်းမာရေးအကြောင်းပြချက်ဖြင့် ကန့်သတ်မှုများ ဆက်လက်တည်ရှိနိုင်ပါသည်။ သို့ဖြစ်ရာ စီးပွားရေးပြန်လည် ထူထောင်ရန် ခက်ခဲနေမည်ဖြစ်ကြောင်း၊ စီးပွားရေး ကျဆင်းမှုကြောင့် ဆုံးရှုံးမှုများသည် တစ်ချို့ ခန့်မှန်းထားသည့် အချိန်ကာလထက် ပိုမိုကြာ မြင့်နိုင်မည်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက ဆိုပါသည်။

သို့သော် ပြည်နယ်အစိုးရများက ဗိုင်းရပ်စ်ကြောင့် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖြေလျော့ပေးခဲ့သည့်အတွက် ပြည်နယ်များတွင် ၎င်းတို့စီးပွားရေးလုပ်ငန်းများ ကို မေလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြပြီး ပြည်သူများလည်း လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်ခွင့် ရရှိနေကြပြီ ဖြစ်ပါသည်။  

စီးပွားရေးလုပ်ငန်းပိုင်ရှင်များက ဗိုင်းရပ်စ်ကြောင့် သေပျောက်နှုန်းတည်ငြိမ်နေသည့်ကြားက စည်းကမ်းချက်များ ဖြေလျှော့ပေးခဲ့ခြင်းကို သတိကြီးစွာဖြင့် ကြိုဆိုပါကြောင်းနှင့် အစိုးရအနေနှင့် မှန်ကန်သည့်လမ်းညွှန်ချက်ဖြင့် ချမှတ်ထားသည့် စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာသွားမည်ဖြစ်ကြောင်း၊ ယခုဆိုလျှင် အလုပ်အကိုင်များလည်း ပြန်လည် လုပ်ကိုင်နိုင်ပြီ ဖြစ်ကြောင်းလုပ်ငန်းရှင်တစ်ချို့က ဆိုပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

https://apnews.com/e0d04987133c2f48992b98ace0a1e846

https://www.nbcnews.com/news/us-news/states-begin-reopen-business-owners-cautiously-welcome-easing-coronavirus-restrictions-n1198271

Category: USA