Germany

အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလက်မှတ်နှုန်းထားများ လျော့ချသည့် အစီအစဉ်တစ်ရပ်သတ်မှတ်ခြင်း

Last Updated:

ဂျာမနီနိုင်ငံတွင် ခရီးသွားလာမှုများအတွက် လောင်စာစွမ်းအင်ဈေးနှုန်းမြင့်မားမှုကြောင့် ကုန်ကျစရိတ်များကို လျော့ကျစေရန် ရည်ရွယ်၍ နိုင်ငံတွင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးခရီးစဉ်များ (Public transportation) အား ၂၀၂၂ ခုနှစ်၊ ဇွန်လမှ သြဂုတ်လအထိ သုံးလတာကာလအတွင်း တစ်လလျှင် (၉) ယူရိုနှုန်းဖြင့် လက်မှတ်များ ဝယ်ယူသုံးစွဲခွင့်ပြုရန် ဂျာမန်အထက် လွှတ်တော်အစည်းအဝေးက မေလ ၂၀ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ အစီအစဉ်သည် ဇွန်လ ၁ ရက်နေ့မှစ၍ သက်ရောက်မှုရှိမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ကိုယ်ပိုင်ကားများ သုံးစွဲမှုလျော့ချပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်များဖြင့် သွားလာနိုင်ကြစေရန်နှင့် ရုရှားနိုင်ငံမှ လောင်စာဆီတင်သွင်းရမှု လျော့ချနိုင် စေရန်ဖြစ်သည်။ ထို့ပြင် ဘဏ္ဍာရေးထောက်ပံ့ကူညီမှုအစီအစဉ်တစ်ခုလည်းဖြစ်ကာ ဓာတ်ဆီလောင်စာသုံးစွဲမှုလျော့ချရန်နှင့် လေထုညစ်ညမ်းမှု လျော့ ကျစေရန်လည်း ဖြစ်ပါသည်။ ဖက်ဒရယ်အစိုးရက အဆိုပါအစီအစဉ်အတွက် ယူရို ၂.၅ ဘီလီယံ ထောက်ပံ့ပေးမည် ဖြစ်ပါသည်။

နိုင်ငံတွင်းရှိ နိုင်ငံခြားခရီးသွားဧည့်သည်များအပါအဝင် မည်သူမဆို အဆိုပါလက်မှတ် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပြီး အများပြည်သူသုံး သယ်ယူ ပို့ဆောင်ရေးစနစ်များကို အသုံးပြုခြင်းဖြင့် ကားလမ်းပိတ်ဆို့မှုများ လျော့ပါးနိုင်ပြီး အချို့သွားလာမှုများအား ပိုမိုလျင်မြန်လွယ်ကူစွာ ရောက်ရှိစေနိုင် မည်ဖြစ်သည်။ အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ ဂျာမန်ခရီးသွားအသင်းမှ ပြောခွင့်ရပုဂ္ဂိုလ် Ms. Huberta Sasse က ယခုအစီအစဉ်သည် ခရီးသွား ပြည်သူများအတွက် စိတ်ဝင်စားစရာဆွဲဆောင်မှုရှိသည့် အစီအစဉ်ဖြစ်သော်လည်း လက်မှတ်နှုန်းထားဈေးသက်သာမှု တစ်ခုတည်းဖြင့် အများပြည်သူ သုံး သယ်ယူပို့ဆောင်ရေးစနစ်များကို တိုးမြှင့်ခြင်းမလုပ်ဆောင်နိုင်ဘဲ ရေရှည်တွင် မြန်ဆန်ပြီး တဆင့်ကူးပြောင်းစီးနင်းမှုများအတွက် ပိုမိုများပြား အဆင်ပြေကောင်းမွန်သည့် ဆက်သွယ်ရေးစနစ်များ ချဲ့ထွင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောဆိုပါသည်။ ဒေသအုပ်ချုပ်ရေးတာဝန်ခံတစ်ဦးက အစိုးရအနေဖြင့် ယခုကဲ့သို့ ဈေးနှုန်းလျော့ချသတ်မှတ်ခြင်းထက် သယ်ယူပို့ဆောင်ရေးစနစ်များ၏ အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုပိုင်း များအတွက် ဘီလီယံတန်ဘိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆောင်ရွက်ပေးသင့်ကြောင်း ထောက်ပြပြောဆိုမှုများလည်း ရှိပါသည်။

ဂျာမနီနိုင်ငံတွင် နိုင်ငံပိုင် Deutsche Bahn ရထားလိုင်းက စီစဉ်ပြေးဆွဲနေသော ရထားလမ်းကြောင်းများကို နေ့စဉ်အသုံးပြုနေသူဦးရေ (၁၃) သန်း ခန့် ရှိပါသည်။ ရထားအချိန်များ နောက်ကျမှု၊ စီးနင်းသူများပြားထူထပ်မှု၊ ဝန်ဆောင်မှုအားနည်းမှု၊ လမ်းကြောင်းများဖျက်သိမ်းမှုများ ရှိနေမှုအပေါ် ဝေဖန်ထောက်ပြမှုများရှိနေဆဲဖြစ်ပြီး ရထားလမ်းပိုင်းတာဝန်ရှိသူများအနေဖြင့် ရထားဒီဇိုင်းအသစ်များ၊ စွမ်းဆောင်ရည်တိုးမြှင့်မှုများဖြင့် ရထားစီးနင်း သူများ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ယခု တစ်လ (၉) ယူရိုလက်မှတ်နှုန်းထားအစီအစဉ်သည် မြို့ပြပတ်ဝန်းကျင် နေထိုင်သူများ၊ နေ့စဉ်အသုံးပြုနေသူများအတွက် ပိုမိုအကျိုးရှိစေမည့်အစီအစဉ်ဖြစ်ပြီး စီးနင်းသူများမှ မည်သို့တုန့်ပြန်မှုရှိမည်ကို လေ့လာစောင့်ကြည့် နေကြပါသည်။ ပြည်တွင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီများက ယခုအစီအစဉ်ကို ကြိုဆိုသော်လည်း အထူးလက်မှတ်များ ရောင်းချရန်အတွက် အွန်လိုင်းပလက်ဖောင်းအသစ်များ တည်ထောင်ရန် လိုအပ်သကဲ့သို့ ပုံမှန်လပေးလက်မှတ်များ ဝယ်ယူသုံးစွဲသူများအတွက်လည်း လက်ရှိဝယ်ယူထား မှုများအတွက် ကွာခြားငွေများအား ပြန်လည်အမ်းငွေထုတ်ပေးရန် လိုအပ်မှုများရှိနေကြောင်း ပြောကြားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source:https://www.dw.com/en/germany-introduces-9-ticket-to-offset-the-impact-of-the-ukraine-war/a-61788020

 

Category: Germany