Singapore

အလုပ်အကိုင်တည်မြဲရေးနှင့် လုပ်ငန်းများဆက်လက်ရပ်တည်နိုင်ရေးတို့အတွက် အကောင်းဆုံး ပံ့ပိုးပေးသွားမည်ဖြစ်ပြီး၊ လုပ်ငန်းကဏ္ဍအသစ်၊ အလုပ်အကိုင်အသစ်နှင့် စွမ်းရည်အသစ်များ ပေါ်ထွက်လာစေရန် ရင်းနှီးမြှုပ်နှံသွားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြား

Last Updated:

ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း စီးပွားရေးကျပ်တည်းမှုအခြေအနေကြောင့် စင်ကာပူနိုင်ငံသားတို့၏ အလုပ်အကိုင်တည်မြဲရေးနှင့် စီးပွားရေးလုပ်ငန်းများ၏  ရပ်တည်နိုင်ရေးတို့ အတွက် အစိုးရအနေဖြင့် အကောင်းဆုံးပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၂၇ - ၇ - ၂၀၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စင်ကာပူနိုင်ငံ အစိုးရအဖွဲ့အသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ဝန်ကြီးချုပ် Mr Lee Hsien Loong က ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ်၏မိန့်ခွန်းတွင် ကမ္ဘာအနှံ့ကိုဗစ်ရောဂါအခြေအနေမှာ ဆိုးရွားခဲ့ကြောင်း၊ ဟောင်ကောင်နှင့် ဆိုးလ်မြို့ကဲ့သို့သော အစပိုင်းတွင် ရောဂါထိန်းချုပ်နိုင်ခဲ့သော အနေအထားမှ ကန့်သတ်ချက်များနှင့် စီးပွားရေးဆောင်ရွက်ချက်များကို ပြန်လည်ခွင့်ပြု ခဲ့သောကာလနောက်ပိုင်း၌ ရောဂါကူးစက်မှုထပ်မံဖြစ်ပွားလာသော အခြေအနေများသည် စင်ကာပူအနေဖြင့်လည်း ရောဂါထိန်းချုပ်နိုင်ရန်အတွက် မည်မျှအထိခက်ခဲမည်ကိုဖော်ပြနေကြောင်း၊ စင်ကာပူတွင် စီးပွားရေးဆောင်ရွက်ချက်များနှင့် နယ်စပ်ဝင်ထွက် မှုများကို တဖြည်းဖြည်းပြန်လည်ခွင့်ပြုနေသည့်အတွက် ရောဂါကူးစက်မှုအားကာကွယ်နိုင်ရန် ရောဂါစစ်ဆေးခြင်း၊ ရောဂါဖြစ်ပွားသူနှင့် အနီးကပ်ထိတွေ့သူများအား နောက်ကြောင်းလိုက်ခြင်းတို့ကို ပိုမိုဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းပြောကြား ခဲ့ပါသည်။

 အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရန်နှင့် လုပ်သားများအလုပ်အကိုင်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ပေါ်စေရန်အတွက် စင်ကာပူဒေါ်လာ ၁၀၀ ဘီလီယံနီးပါး သုံးစွဲသွားမည်ဖြစ်ကြောင်း၊ စင်ကာပူ၏ စီးပွားရေးတိုးတက်မှုသည် ၂၀၂၀ ခုနှစ်၊ ဒုတိယ (၃)လပတ်တွင် ၁၂.၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး၊ စီးပွားရေးအခြေအနေ ပိုမိုဆိုးရွားလာပါက အလုပ်အကိုင်ဆုံးရှုံးမှု ပိုမိုပေါ်ပေါက်လာမည်ကို မျှော်မှန်းထားရမည်ဖြစ်ကြောင်း၊ ထိုသို့ အလုပ်အကိုင်ဆုံးရှုံးသွားသူများအတွက် အလုပ်အကိုင် အသစ်များရှာဖွေပေးနိုင်ရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကိုဗစ်ကြောင့် ရပ်ဆိုင်းထားရသောလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက်လည်း ကူညီပေးမည်ဖြစ်ကြောင်း၊ နိုင်ငံခြားလုပ်သားများ နေထိုင်သောအဆောင်များတွင် ရောဂါ ကူးစက်မှုကြောင့် ဆိုးရွားစွာထိခိုက်မှုဖြစ်ပေါ်ခဲ့သော ဆောက်လုပ်ရေး လုပ်ငန်းများအတွက် နိုင်ငံခြားလုပ်သားများအပေါ်ကောက်ခံသည့်အခွန်နှင့် အခကြေးငွေများ သက်သာစေရေးပံ့ပိုးပေးလျက်ရှိကြောင်းနှင့် နိုင်ငံတကာစျေးကွက်အပေါ်များ စွာမှီခိုရသော ထိခိုက်မှုပြင်းထန်ခဲ့သည့် ခရီးသွားလုပ်ငန်းနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍများရှိ လုပ်ငန်းများကိုလည်း ကူညီပံ့ပိုးပေးနိုင်ရန် စင်ကာပူ ဒေါ်လာ ၂ ဘီလီယံနီးပါး လျာထားပါကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ်သည် လာမည့်ကာလများတွင် အစိုးရနှင့်လုပ်ငန်းများသည် ခက်ခဲသောရွေးချယ်ဆုံးဖြတ်မှုများကို ပြုလုပ်သွားရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းကဏ္ဍအချို့မှာ ရောဂါဖြစ်ပွားမှုမတိုင်မီကာလက အခြေအနေကို ပြန်လည်ရရှိနိုင်မည် မဟုတ်ကြောင်း ကိုလည်းသတိပေးခဲ့ပါသည်။ အလားအလာမရှိသော လုပ်ငန်းများနှင့် ထိုလုပ်ငန်းများ၏ လုပ်သားများကို အလုပ်အကိုင်ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ကာကွယ်ပေးနိုင်မည်မဟုတ်သောကြောင့် ရေရှည်အတွက် ပိုမိုကောင်းမွန်သောနည်းလမ်းမှာလုပ်ငန်းကဏ္ဍ အသစ်များ၊ အလုပ်အကိုင်အသစ်များ၊ စွမ်းရည်အသစ်များပေါ်ထွက်လာစေရန် မိမိတို့၏ သွင်းအားစုများကို ရင်းနှီးမြှုပ်နှံသွားကြရမည်ဖြစ်ကြောင်း၊ စင်ကာပူအနေဖြင့် စီးပွားရေးအသွင်ကူးပြောင်းဆောင်ရွက်ခြင်းနှင့် လုပ်သားများ၏ ကျွမ်းကျင်မှုမြှင့်တင်ခြင်း တို့ကို ဦးစားပေးဆောင်ရွက်သွားပါက အကျပ်အတည်းကာလ လွန်မြောက်ချိန်တွင် အဆင်သင့်အနေအထား ရှိမည်ဖြစ်ကြောင်းနှင့် မိမိတို့၏ ရည်မှန်းချက်မှာ လက်ရှိအကျပ်အတည်းမှ ရှင်သန်လွတ်မြောက်ရန်အတွက်သာမဟုတ်ဘဲ နိုင်ငံ၏ ကာလရှည် ဦးတည် ချက်ကို ချမှတ်ဆောင်ရွက်သွားနိုင်ရန်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Times

Category: Singapore