စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဗုဒ္ဓဟူးနေ့ (၁၃.၅.၂၀၂၀ ရက်နေ့) တွင် ၎င်း၏ ဈေးနှုန်းချိုသာသော လူသုံးကုန်ပစ္စည်းဖြန့်ဖြူးရေးအစီအစဉ်၏ တတိယအဆင့်ကိုစတင်မည်ဖြစ်ပါသည်။ ၎င်းအစီအစဉ်တွင် ကုန်ပစ္စည်း တင်ဆောင် ထားသောကုန်တင်ကားအစီးရေ (၃၀၀) ဖြင့် ဗန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင် ပြည်နယ်များရှိ ဒေသခံများအနေဖြင့် အဆိုပါကုန်ပစ္စည်းများ အားဝယ်ယူနိုင်ရေးအတွက်ပေးပို့ ဖြန့်ချီလိမ့်မည်ဖြစ်ပါသည်။
“Thong Fu Su Phai Covid-19”( Blue Flag against Covid-19)ဟု အမည်နှစ်မျိုးရသောအဆိုပါ အစီအစဉ်ကို မတ်လနှောင်းပိုင်းတွင်စတင်ခဲ့ပြီး မြို့တော်ပတ်ဝန်းကျင် ရှိဒေသခံပြည်သူများသို့ ကုန်တင်ကား (၁၀၀) ကျော်ဖြင့် ကုန်ပစ္စည်းများ ပို့ဆောင် ဖြန့်ချီခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Boonyarit Kalayanamit က ပြောကြားခဲ့ပါသည်။ အဆိုပါ စီမံကိန်းမှာ ကပ်ရောဂါကာလ အတွင်း စားသုံးသူများ၏ ဘဏ္ဍာရေးဆိုင်ရာဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဈေးနှုန်းနည်းပါးသောကုန်ပစ္စည်းများဖြန့်ဖြူးရေး အစီအစဉ်သာမက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၎င်းနှင့် ဆက်စပ်နေသော အစီအစဉ်တစ်ခုဖြစ်သည့် “ပြည်သူများအတွက် စီးပွားကူးသန်း၏လျှော့ဈေးဖြင့် ဈေးရောင်းချပေးမှု “Commerce Discount for People” အစီအစဉ်အား ဧပြီလ(၁၆) ရက်နေ့တွင် စတင်မိတ်ဆက်ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်း (၃၁) ခုမှ ကုန်ပစ္စည်း (၇၂) မျိုးကို လျှော့ဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း Mr. Boonyarit က ပြောကြားခဲ့ပါသည်။
အလံပြာအစီအစဉ် (Blue Flag Programme) ၏ ဒုတိယအဆင့်အား ဧပြီလ (၂၅) ရက်နေ့တွင် စတင်ခဲ့ကြောင်း၊ ၎င်းတွင် စားသုံးသူများအတွက် ဈေးလျှော့ရောင်းချပေးမည့် စီးပွားရေးလုပ်ငန်းပေါင်း (၅၁) ခုအထိ တိုးတက်လာခဲ့ပြီး လျှော့ဈေးဖြင့် ရောင်းချ ပေးမည့် ကုန်ပစ္စည်းအမျိုးအစားမှာလည်း (၃,၀၂၅) အထိ များပြားလာခဲ့ကြောင်း၎င်းက ပြောကြားခဲ့ပါသည်။
တတိယအဆင့်တွင် 7-Eleven စတိုးဆိုင်အနေဖြင့် ဘတ် (၃၀-၃၂) ရှိသည့် ရေခဲမုန့် (၆) မျိုးအား (၂၀) ဘတ်အထိ လျှော့ချပေးလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ၎င်းက Ma Ma Cup ခေါက်ဆွဲခြောက်ဗူးထုတ်လုပ်သူ Saha Pathanapibul Plc ကုမ္ပဏီအနေဖြင့် ယခုအစီအစဉ်တွင်ပါဝင်ရန် သဘောတူခဲ့ပြီး ၎င်းတို့၏ ခေါက်ဆွဲခြောက်ဗူးများအား ယခင်ကတစ်ဗူးလျှင် (၁၃) ဘတ်မှယခုအခါ (၁၀)ဘတ် ဖြင့်ဈေးလျှော့ရောင်းပေးရန် သဘောတူခဲ့ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဆက်စပ်သတင်းအနေဖြင့် Mr.Boonyarit က ကပ်ရောဂါဖြစ် ပွားနေစဉ်အတွင်း လယ်သမားများအတွက် အကြွေးပြန်ဆပ်ခြင်းကို ဆိုင်းငံ့ထားပေးရန်ဝန်ကြီးဌာန၏ အဆိုပြုချက်နှင့် စပ်လျှဉ်း၍ လယ်သမားများ ဘဝပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေရုံးမှ သဘောတူညီခဲ့ကြောင်းပြောကြားခဲ့ပါသည်။
ဆန်၊ ပီလောပီနံ၊ရာဘာနှင့် ပြောင်းဈေးနှုန်းများ မကြာမီကမြင့်တက်လာခဲ့ကြောင်း၊ သို့ရာတွင် ဇီဝလောင်စာဆီထုတ်လုပ်ရာတွင် အဓိကပါဝင် သည့် ဆီအုန်းဈေးနှုန်းမှာမူ နိမ့်ကျနေဆဲဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)
Source:Bangk Post