India (Delhi)

အိန္ဒိယ UPI ငွေပေးချေမှုစနစ်အား နီပေါနိုင်ငံတွင် လက်ခံအသုံးပြုလျက်ရှိ

Last Updated:

နီပေါနိုင်ငံသည် အိန္ဒိယနိုင်ငံမှ တည်ထောင်ထားရှိသော ပေါင်းစည်းငွေပေးချေမှုစနစ် (unified payment interface – UPI) ကို လက်ခံအသုံးပြုလျက်ရှိပြီဖြစ်ကြောင်း ၂၄-၃-၂၀၂၂ နေ့ အိန္ဒိယသတင်းအချက်အလက်ပြန်ကြားရေးဗျူရို (PIB) ၏ တွစ်တာ အင်တာနက်စာမျက်နှာ၌ ဖော်ပြချက်အရ သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ ဒီဂျစ်တယ်အသုံးပြုစနစ်အား ကမ္ဘာတစ်ဝန်း၌ အသိအမှတ်ပြုလက်ခံလာကြရာ Covid-19 ကာကွယ်ဆေးထိုးနှံမှု အထောက်အကူပြု CoWin app ဖန်တီးမှုအား နိုင်ငံများစွာက ဂုဏ်ပြုခဲ့ကြကြောင်း၊ ယခုအခါ အိန္ဒိယ၏ ပေါင်းစည်းငွေပေးချေမှု စနစ် UPI ကိုလည်း နီပေါနိုင်ငံက လက်ခံအသုံးပြုလာပြီဖြစ်ကြောင်း၊ သို့ဖြစ်ရာ ၎င်းစနစ်သည် နီပေါနိုင်ငံ၌ လူပုဂ္ဂိုလ်တစ်ဦး နှင့် အခြားတစ်ဦးကြား (P2P) သော်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးနှင့် စီးပွားရေးလုပ်ငန်းအကြား (P2M) သော်လည်းကောင်း အချိန်နှင့်တစ်ပြေးညီ ငွေပေးချေမှုများကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း PIB ဌာနက ဖော်ပြထားပါသည်။

အိန္ဒိယ အမျိုးသားငွေပေးချေမှုကော်ပိုရေးရှင်းသည် Bharat Interface for Money-Unified Payments Interface (BHIM-UPI) ခေါ် ဒီဂျစ်တယ်ပေါင်းစည်းငွေပေးချေမှုစနစ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှ စတင်ထူထောင် အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ အစိုးရ၏ တရားဝင်စာရင်းများအရ အဆိုပါ မိုဘိုင်းကွန်ယက်အခြေပြု UPI စနစ်အား စတင်ထူထောင်ချိန်မှ ၂၈-၂-၂၀၂၂ နေ့အထိ ရူပီးငွေ ကုဋေပေါင်း ၈.၂၇ သိန်းတန်ဖိုးရှိသော ဒီဂျစ်တယ် ငွေပေးချေမှုအကြိမ်ပေါင်း ၄၅၂၇.၅ သန်းကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ ကြောင်း၊ အလားတူ ဘူတန်နိုင်ငံသည်လည်း အိန္ဒိယ၏ BHIM-UPI ကိုအခြေခံထားရှိသည့် ငွေပေးချေမှုစနစ်ကို ယခုနှစ်ဆန်းပိုင်းမှ စတင်လက်ခံ အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Nepal adopts India's UPI for digital transactions, 24-3-2022, Economic Times

Category: India (Delhi)