India (Delhi)

အိန္ဒိယက ပဲနီလေးအကောက်ခွန်နှုန်းထားကို သုညရာခိုင်နှုန်းသို့ လျှော့ချလိုက်ခြင်းကြောင့် ဩစတြေးလျ စိုက်ပျိုးရေးသမားများအတွက် အခွင့်အလမ်းများရရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံက ပဲနီလေးတင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထား လျှော့ချလိုက်ခြင်းက ရိတ်သမ်းမှုပြီးစီးသွားသည့် ဩသတြေးလျ စိုက်ပျိုးရေးသမားများအတွက်ငွေလမ်းခင်းပေးလိုက်သကဲ့သို့ဖြစ်သွားကြောင်း ABC သတင်းဌာနက ရေးသားဖော်ပြထားသည်။ အိန္ဒိယအစိုးရသည်သီးတင်းပတ်ကုန်တွင် ပဲနီလေးအတွက် အကောက်ခွန်နှုန်းကို သုညအထိ လျှော့ချမည်ဟုကြေညာခဲ့ပြီးနောက် ချက်ချင်းအကျိုးသက်ရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်ကုလားပဲအတွက် အကောက်ခွန်နှုန်းထားကို ၆၆ ရာခိုင်နှုန်းဖြင့် စည်းကြပ်ကောက်ခံဆဲဖြစ်ကြောင်းသိရှိရသည်။

အိန္ဒိယနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် ပဲနီးလေးနှင့် ကုလားပဲအတွက် အကောက်ခွန်နှုန်းထားကို ၃၃ ရာခိုင်နှုန်းသတ်မှတ်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင် ပဲနီလေး၏ အကောက်ခွန်နှုန်းထားကို ၁၁ ရာခိုင်နှုန်းသို့လျှော့ချကောက်ခံခဲ့ခြင်းဖြစ်သည်။ ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအရ ယခုကဲ့သို့ အကောက်ခွန်နှုန်း သုညရာခိုင်နှုန်သို့ မလျှော့ချမီ အိန္ဒိယနိုင်ငံသည်ကမ္ဘာ့အကြီးဆုံး ပဲနီလေးဝယ်ယူသည့် နိုင်ငံဖြစ်ပြီး၊ ကုန်သွယ်မှုတန်ဖိုးမှာ ဩစတြေးလျ ဒေါ်လာ၁ ဘီလီယံအထိရှိခဲ့ကြောင်း သိရှိရသည်။

ဩစတြေးလျ ကောက်ပဲသီးနှံထုတ်လုပ်သူများအသင်း ပြောခွင့်ရပုဂ္ဂိုလ်က ပဲနီလေး၏ အကောက်ခွန်နှုန်းထားကို သုညရာခိုင်နှုန်းသတ်မှတ်လိုက်ခြင်းက လယ်သမားများအတွက် သတင်းကောင်းဖြစ်ပါကြောင်း၊ သို့သော်အိန္ဒိယသည် စက်တင်ဘာလကုန်တွင် စည်းကြပ်ခွန်ဖယ်ရှားမှုကို ပြန်လည်သုံးသပ်ရန် ကြိုးပမ်းမည်ဖြစ်ပြီး၊ အကောက်ခွန်ပြန်လည် ကောက်ခံနိုင်ကြောင်း သတိပေးခဲ့သည်။

ဩစတြေးလျ လယ်သမားများသည် ယခုနှစ်တွင် သီးနှံရိတ်သိမ်းမှုစံချိန်တင်ခဲ့ပြီး၊ ကုန်သွယ်မှုအခြေအနေသစ်မှ အကျိုးအမြတ်ရရှိရန် ပဲနီလေးကို အိန္ဒိယသို့ တင်ပို့ရောင်းချရန် အဆင်သင့်ဖြစ်နေကြောင်းသိရှိရသည်။ ဩစတြေးလျကုန်သွယ်ရေးဝန်ကြီး Dan Tehan သည် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှဒ တစ်စိတ်တစ်ပိုင်းအနေဖြင့် အိန္ဒိယနိုင်ငံသို့သွားရောက်ပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ပဲနီလေးကို အိန္ဒိယက အခွန်စည်းကြပ်မှုကို လျှော့ချရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကောက်ပဲသီးနှံ စိုက်ပျိုးသူများအသင်း၏ အမှုဆောင်အရာရှိချုပ် Dave Mc Keon ကစေ့စပ်ညှိနှိုင်းမှုသည် ဩစတြေးလျလယ်သမားများအတွက် ပိုမိုကောင်းမွန်သော အခြေအနေများရရှိရန် အခွင့်အလမ်းတစ်ခုဖန်တီးပေးမည်ဟု မျှော်လင့်ပါကြောင်း၊ အနာဂတ်တွင် မလိုလားအပ်သော ကုန်သွယ်မှုအတားအဆီးများကို ရှောင်ရှားနိုင်ရန် ဆန်းသစ်ပြီး ရှေ့ကိုဦးတည်သော ချဉ်းကပ်မှုရှိရန်လိုပါကြောင်း ပြောကြားခဲ့သည်။

ဩစတြေးလျ ကောက်ပဲသီးနှံစိုက်ပျိုးသူများက အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုသဘောတူညီချက်တွင် အိန္ဒိယနှင့် ကောက်ပဲသီးနှံကုန်သွယ်မှုအတွက် ကုန်သွယ်မှုအစီအစဉ်များကို အလေးပေးဖော်ပြသည့် ကောက်ပဲသီးနှံဆိုင်ရာ နောက်ဆက်တွဲတစ်ခု ပါဝင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းသိရှိရသည်။

စိုက်ပျိုးထုတ်လုပ်သူအုပ်စု၏ ပြောကြားချက်အရ အိန္ဒိယသည် ကမ္ဘာ့ဒုတိယအကြီးဆုံးလူဦးရေ စာရင်းဝင်နေသော်လည်း လက်ရှိတွင် ဩစတြေးလျနိုင်ငံ ကောက်ပဲသီးနှံရိတ်သိမ်းမှု၏ ၂ ရာခိုင်နှုန်းအောက်သာ တင်သွင်းကြောင်း သိရှိရသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source: www.abc.net.au

Category: India (Delhi)