India (Delhi)

အိန္ဒိယနိုင်ငံတွင် မိုးပိုမိုရွာသွန်းမှုများကြောင့် ပဲစင်းငုံအထွက်နှုန်း လျော့ကျဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံတွင် ၂၀၂၁-၂၂ ခုနှစ် သီးနှံရာသီကာလအတွင်း မိုးရွာသွန်းမှုအားကောင်းသည့်အပြင် မိုးလွန်ကာလ၌ပါ ရွာသွန်းမှုကြောင့် ကာနာတကာပြည်နယ်တွင် စိုက်ခင်းများ၏ ၅ ပုံ ၁ ခန့်ထိခိုက်ခဲ့ပြီး အန္တရာပရာဒေ့ရှ်၊ မဟာရဋ္ဌနှင့် ဂူဂျရတ် စသည့်ပြည်နယ်များတွင်လည်း မိုးပိုမိုရွာသွန်းမှုရှိသဖြင့် ယခုနှစ် ပဲစင်းငုံအထွက်နှုန်း မှာ လျော့ကျဖွယ်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုလျက်ရှိကြပါသည်။

ဌာနဆိုင်ရာ သတင်းအရင်းအမြစ်များအရ ကာနာတကာပြည်နယ်၌ ယခုနှစ်တွင် ပဲစင်းငုံဧရိယာ ဟက်တာ ၁၄.၅၅ သိန်း စိုက်ပျိုးထားရှိရာ အဓိကခရိုင်များဖြစ်သော Kalaburgi နှင့် Bidar ဒေသများ၌ မိုးပိုမိုရွာသွန်းမှုများကြောင့် ဟက်တာ ၂.၉၁ သိန်းခန့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ နေရာဒေသအချို့တွင် အပင်ငယ်ရွယ်စဉ်အချိန်၌ ရေနစ်မြုပ်မှုကြောင့် ပျက်စီးမှုဖြစ်ပေါ်သကဲ့သို့ မကြာသေးမီက ရွာသွန်းသည့်မိုးများကြောင့် နောက်ကျစိုက်ပျိုးသည့် သီးနှံစိုက်ခင်းများမှာ အပွင့်ပွင့်ချိန်နှင့် အစေ့အိမ် တည်ချိန်တို့တွင် ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ယခုနှစ်၌ ပြည်နယ်အတွင်းရှိ တောင်သူများသည် ပဲစင်းငုံစိုက်ဧရိယာလျာထားချက် ဟက်တာ ၁၄.၃ သိန်းကို ကျော်လွန် လျက် စိုက်ပျိုးနိုင်ခဲ့သော်လည်း Bagalkot, Koppal နှင့် Chikkaballapur ခရိုင်များတွင် စိုက်ခင်းများ၏ ၃၃% မှ ၅၅% အထိ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းဖြင့် Hindu Business Line သတင်း ဌာနက ဖော်ပြပါသည်။

Kalaburgi ခရိုင်ရှိ ကာနာတကာ ပရာဒေ့ရှ် ပဲစင်းငုံစိုက်ပျိုးသူများအသင်းမှ ဥက္ကဋ္ဌဖြစ်သူ Mr. Basavaraj Ingin က ယခုနှစ်သည် ပဲစင်းငုံစိုက်ပျိုးသူများအတွက် အောင်မြင်မှုမရသော ကာလပင်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေမှာ အလွန်အမင်းဆိုးရွားပြီး ၎င်းတို့အနေဖြင့် မည်သို့မျှ သီးနှံရိတ်သိမ်းရရှိနိုင်မည် မဟုတ်ကြောင်း၊ တောင်သူများအတွက် သည်းခံနိုင်ဖွယ်မရှိသော ဆုံးရှုံးမှုနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။

သို့ဖြစ်ရာ ကာနာတကာပြည်နယ်၏ ယခုနှစ် ပဲစင်းငုံထွက်ရှိနိုင်မှုမှာ မျှော်မှန်းထားသည့် ပမာဏကို ရရှိနိုင်မှုမရှိသကဲ့သို့ တစ်နိုင်ငံလုံး၏ ပဲစင်းငုံထွက်ရှိမှုကိုလည်း လျော့ကျစေဖွယ်ရှိပါသည်။ အစိုးရ၏စာရင်းများအရ ၂၀၂၁-၂၂ သီးနှံစိုက်ပျိုးရေးနှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ ပဲစင်းငုံ စိုက်ပျိုးထားရှိမှုမှာ ဧရိယာဟက်တာ ၄၉.၈၃ သိန်းရှိပြီး ယခင်နှစ်ထက် ဟက်တာ ၁.၈၅ သိန်းခန့် ပိုမိုခဲ့ကြောင်း၊ အခြားသော ပဲစင်းငုံအဓိကစိုက်ပျိုးသည့် ပြည်နယ်များမှာ မဟာရဋ္ဌပြည်နယ်နှင့် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်တို့ဖြစ်ပြီး ဧရိယာဟက်တာ ၁၃.၂၃ သိန်းနှင့် ၄.၂၅ သိန်း အသီးသီး စိုက်ပျိုးထားကြောင်း သိရှိရသည်။

Kalaburgi ဒေသရှိ ပဲခွဲစက်နှင့် ပဲရောင်းဝယ်ရေးလုပ်ငန်းရှင် Mr. Santosh Langar က ယခုနှစ် ကာနာတကာပြည်နယ်၏ ပဲစင်းငုံထုတ်လုပ်မှုမှာ ၄၀% အထိ လျော့ ကျနိုင်ကြောင်း၊ အချို့သောဒေသများတွင် ဒီဇင်ဘာလလယ်ပိုင်း၌ ရိတ်သိမ်းမှုလုပ်ငန်း စတင်ဆောင်ရွက်တော့မည်ဖြစ်သော်လည်း ပွဲတော်ရာသီကာလအတွင်း ဝယ်လိုအားနည်းပါးခဲ့မှုနှင့် ပြည်ပမှ ဆက်လက်တင်သွင်းခွင့် ရရှိနေမှုတို့ကြောင့် ပဲစင်းငုံဈေးနှုန်းများမှာ အကျဘက်၌ တည်ငြိမ်လျက်ရှိကြောင်း ပြောကြားပါသည်။

Ahmedabad မြို့အခြေစိုက် Prakash Agro Mills ပဲခွဲစက်လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ Mr. Punit Bachawat ကမူ ရာသီဥတုပြောင်းလဲလာသည့်ဖြစ်စဉ်က ယခုနှစ် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုအပေါ် ကြီးမားစွာသက်ရောက်မှုဖြစ်စေခဲ့ကြောင်း၊ မဟာရဋ္ဌနှင့် ဂူဂျရတ်ပြည်နယ်များတွင်လည်း ပဲစင်းငုံစိုက်ခင်းများမှာ ၁၀% မှ ၁၅% အထိ ထိခိုက်မှုရှိခဲ့ကြောင်း၊ ကာနာတကာ နှင့် အန္တရာပရာဒေ့ရှ် ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှုများ အပါအဝင် တစ်နိုင်ငံလုံး ပဲစင်းငုံထွက်ရှိမှုမှာ ၂၀% ခန့် လျော့ကျဖွယ်ရှိကြောင်း၊ ကုန်သည်များထံမှ တုန့်ပြန်ချက်များအရ ယခုနှစ် ပဲစင်းငုံတန်ချိန် ၂.၉ သန်းခန့် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ လက်ရှိကာလ၌ ကာနာတကာနှင့် အန္တရာပရာဒေ့ရှ် ပြည်နယ်တို့တွင် မိုးဆက်လက်ရွာသွန်းမှုရှိနေဆဲဖြစ်ကြောင်း ပြောဆိုပါသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၁-၂၂ သီးနှံ စိုက်ပျိုးရေးနှစ်အတွက် ပထမအကြိမ် မိုးသီးနှံအထွက်ပမာဏ ကြိုတင်ခန့်မှန်းချက်အား ၂၁-၉-၂၀၂၁ နေ့၌ ထုတ်ပြန်ခဲ့ရာတွင် ယခင်နှစ် ထွက်ရှိခဲ့သော ပမာဏထက် တန်ချိန် ၀.၁၅ သန်း ပိုမိုလျက် ပဲစင်းငုံတန်ချိန် ၄.၄၃ သန်းအထိ ထွက်ရှိရန် ခန့်မှန်းထားသည်။ သို့ရာတွင် မိုးနှောင်းကာလနောက်ပိုင်း နိုင်ငံတစ်ဝန်း စိုက်ခင်းများ ထိခိုက်ပျက်စီးမှုကြောင့် ပဲစင်းငုံအထွက်လျော့နည်းပြီး ဈေးကွက်လိုအပ်ချက်အား ဖြည့်ဆည်းရန်အတွက် ပြည်ပမှဝယ်ယူတင်သွင်းမှုကို တိုးမြှင့်ဆောင်ရွက်ရဖွယ်ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Tur output set to shrink as excess rains hit crop in major States, 26-11-2021, The Hindu Business Line

Category: India (Delhi)