India (Delhi)

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် တားဆီးထိန်းချုပ်ရေး နယ်မြေသတ်မှတ်ခြင်းအား မတ်လကုန်မှ စတင်ရပ်ဆိုင်းမည်

Last Updated:

အိန္ဒိယနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၄ ရက်နေ့မှစတင်၍ COVID-19 ကပ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်မှုဆိုင်ရာ အမိန့် နှင့်လမ်းညွှန်ချက်များကို ထုတ်ပြန်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ လျော့ပါးသက်သာလျက် ရှိနေပြီဖြစ်သော ကြောင့် ၂၅-၂-၂၀၂၂ နေ့၌ နောက်ဆုံးထုတ်ပြန်ထားခဲ့သော အမိန့်အား ထပ်မံသက်တမ်းတိုးမြှင့်ခြင်းမပြုရန် အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၊ အတွင်းဝန် Mr. Ajay Bhalla မှ ပြည်နယ်အားလုံးရှိ အတွင်းဝန်ချုပ်များထံသို့ ဆက်သွယ်ပေးပို့သော စာတွင် လွန်ခဲ့သော ၂၄ လတာကာလအတွင်း နိုင်ငံတစ်ဝန်း၌ COVID-19 ကပ်ရောဂါနှင့်စပ်လျဉ်း၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု၊ စောင့်ကြည့် ကြပ်မတ်မှု၊ ရောဂါကူးစက်ခံရသူနှင့် ထိတွေ့မှုရှိသူများအား ခြေရာခံမှု၊ လူနာများပြုစုကုသမှု၊ ကာကွယ်ဆေးထိုးနှံပေးမှု နှင့် ဆေးရုံများ၏ အခြေခံအဆောက်အအုံပိုင်း၌ ဖြည့်ဆည်းမှု အစရှိသော စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းဆောင်ရည်များသည် သိသာစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ အလားတူ COVID-19 ကပ်ရောဂါအပေါ် တုန့်ပြန်ဆောင်ရွက်ရမည့် ပြည်သူလူထု၏ အသိအမြင် သည်လည်း မြင့်မားလာခဲ့ကြောင်း၊ ပြည်နယ်/ ပြည်ထောင်စုနယ်မြေများ၌ ကပ်ရောဂါအား စီမံခန့်ခွဲရန် အသေးစိတ်အစီအမံများ ချမှတ်အကောင်အထည်ဖော်မှုနှင့်အတူ ၎င်းတို့၏ ကိုယ်ပိုင်လုပ်ကိုင်နိုင်စွမ်းနှင့် စနစ်များကို ထူထောင်ထားရှိပြီးဖြစ်ကြောင်း၊ ပြည် တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ လွန်ခဲ့သော ရက်သတ္တပတ် ၇ ခုအတွင်း အရေအတွက်ကျဆင်းလာခဲ့ကြောင်း၊ ၂၂-၃-၂၀၂၂ နေ့ ၌ တစ်နိုင်ငံလုံးတွင် ကုသမှုခံယူဆဲ အတည်ပြုလူနာဦးရေမှာ ၂၃၉၁၃ ဦးသာရှိပြီး နေ့စဉ်ကူးစက်မှုနှုန်းသည်လည်း ၀.၂၈% သို့ ကျ ဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ သက်ဆိုင်သူများအားလုံး၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုအရ ကာကွယ်ဆေးထိုးနှံမှု အကြိမ်ရေ စုစုပေါင်း ၁၈၁၅.၆ သန်းအထိ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ သို့ဖြစ်ရာ အစိုးရ၏ ကပ်ရောဂါအပေါ် ကိုင်တွယ်ဆောင်ရွက်နိုင်မှုနှင့် ဘက်ပေါင်းစုံမှ တိုးတက်လျက်ရှိသည့် အခြေအနေကို ထည့်သွင်းစဉ်းစားလျက် ကိုရိုနာဗိုင်းရပ်စ် တားဆီးထိန်းချုပ်ရေး ကန့်သတ် ချက်များကို  ဆက်လက်ထားရှိခြင်းမပြုရန် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း၊ သို့ရာတွင် နှာခေါင်းစည်းတပ်ဆင်အသုံးပြုမှု၊ လက်သန့်စင်မှုနှင့် လူမှုအလှမ်းဝေးနေထိုင်မှုတို့ အပါအဝင် အိန္ဒိယကျန်းမာရေးဝန်ကြီး ဌာနက ချမှတ်ထားသည့် COVID ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကိုမူ ဆက်လက်လိုက်နာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထို့အပြင် ရောဂါကူးစက်မှုအရေအတွက် တိုးမြင့်လာကြောင်း တွေ့ရှိရပါက ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရများ အနေဖြင့် ဒေသအဆင့်အလိုက် လိုအပ်သော လက်ငင်းအရေးယူ ဆောင်ရွက်မှုနှင့် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ရန်ဖြစ် ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု၏ ရောဂါသဘာဝအရ ပြည်သူလူထုအနေဖြင့်လည်း အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့် သတိပြုမှု ဆက်လက်ထားရှိရန်လိုအပ်ကြောင်းဖြင့် ဖော်ပြထားပါသည်။

၂၀၀၅ ခုနှစ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအက်ဥပဒေအရ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ၂၅-၂-၂၀၂၂ နေ့၌ ထုတ်ပြန်ထား ရှိသော အမိန့်သည် ၃၁-၃-၂၀၂၂ နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။ ၎င်းအမိန့်၌ ဒေသန္တရအစိုးရများအနေဖြင့် ရောဂါကူး စက်နိုင်သည့် ဘေးအန္တရာယ်ကို လေ့လာဆန်းစစ်ပြီးမှသာ စီးပွားရေးနှင့် လူမှုရေးရာ လုပ်ကိုင်ဆောင်ရွက်မှုများကို ခွင့်ပြုရန်လမ်း ညွှန်ထားသည်။ ထို့အပြင် ရက်သတ္တ ၁ ပတ်အတွင်း COVID-19 အတည်ပြု လူနာတိုးတက်မှုနှုန်း ၁၀% အထက်ရှိသော နယ်မြေများ သို့မဟုတ် ဆေးရုံကုတင်နေရာ ၄၀% အထက်၌ COVID-19 အတည်ပြုလူနာ တက်ရောက်ကုသမှုခံယူနေသည့် ဒေသများကို ကန့် သတ်ဇုန်နယ်မြေများအဖြစ် သတ်မှတ်လျက် ရောဂါကာကွယ်တားဆီးထိန်းချုပ်မှုများ ဆောင်ရွက်ရန်ကိုလည်း ညွှန်ကြားထားသည်။ ယခုကဲ့သို့ ဖြေလျော့မှုသည် စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်လုပ်ကိုင်မှုကို ပိုမိုတိုးတက်ကောင်းမွန်စေမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         MHA ends COVID-19 containment measures from March 31; wearing of face mask to continue, 23-3-2022, Economic Times

Category: India (Delhi)