India (Delhi)

အိန္ဒိယနိုင်ငံ၌ စတုတ္ထအကြီးဆုံး ပုဂ္ဂလိကဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများအား ကန့်သတ်ဆိုင်းငံ့ခြင်း

Last Updated:

အိန္ဒိယနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်များအနက် စတုတ္ထမြောက်အကြီးဆုံးဖြစ်သည့် YES Bank သည် ရင်းနှီးမြှုပ်နှံသူများ၏ ငွေချေးစာချုပ်များ အပေါ် ပြန်လည်တောင်းခံမှုများနှင့် ဘဏ်ငွေအပ်နှံသူများသို့ ထုတ်ပေးရမည့်ငွေများ အတွက် လုံလောက်သည့် ငွေလုံးငွေရင်းဖြည့်ဆည်းမှုကို ဆောင် ရွက်နိုင်စွမ်းမရှိခြင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာပြဿနာများက ဘဏ်၏ခိုင်မာတည်ငြိမ်မှုကို ကျဆင်းစေလျက်ရှိခြင်းတို့ကြောင့်  ငွေကြေးအပ်နှံသူများနှင့် အများပြည်သူတို့၏ အကျိုးငှာ အဆိုပါဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများအား ၁၉၄၉ ခုနှစ် ဘဏ်လုပ်ငန်းအက်ဥပဒေ ပုဒ်မ ၄၅ အရ ယာယီကန့်သတ် ဆိုင်းငံ့မှု (Moratorium) အောက်၌ထားရှိရန် အိန္ဒိယဗဟိုဘဏ် (Reserve Bank of India – RBI) က အစိုးရအဖွဲ့ထံသို့ တင်ပြခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဌာနသည် ၅.၃.၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် S.O. 993(E) ကိုထုတ်ပြန်လျက် YES Bank ၏ လုပ်ငန်း ဆောင်ရွက်မှုများအား ကန့်သတ်ဆိုင်းငံ့လိုက်ပါသည်။

အဆိုပါအမိန့်ကြော်ငြာချက်တွင် မဟာရတ္တရပြည်နယ်၊ မွန်ဘိုင်းမြို့၌ ရုံးချုပ်အခြေစိုက် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် YES Bank လီမိတက်အား ၅.၃.၂၀၂၀ နေ့ ၁၈၀၀ နာရီမှ ၃.၄.၂၀၂၀ နေ့အထိ ယာယီကန့်သတ်ဆိုင်းငံ့မှု (Moratorium) အောက်၌ထားရှိမည်ဖြစ်ကြောင်း၊ ၎င်းကာလအတွင်း YES Bank ၌ ငွေစာရင်းဖွင့်လှစ်အပ်နှံထားရှိသူများအား Bank Account စာရင်းမည်မျှရှိသည်ဖြစ်စေ ရူပီးငွေ ၅ သောင်းကိုသာ အမြင့်ဆုံးထား၍ ထုတ်ယူခွင့် ပြုမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဆေးကုသမှု၊ အဆင့်မြင့်ပညာသင်ကြားမှု၊ ထိမ်းမြားလက်ထပ်မင်္ဂလာပွဲ ကဲ့သို့သော မဖြစ်မနေဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်နှင့် အခြားသော မလွှဲရှောင်သာသည့် အရေးပေါ်ကိစ္စရပ်တို့အတွက် အိန္ဒိယဗဟိုဘဏ်၏ အထူးခွင့်ပြုချက်ဖြင့် ရူပီးငွေအများဆုံး ပမာဏ ၅ သိန်းအထိကို ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ဖေါ်ပြပါရှိပါသည်။

အိန္ဒိယဗဟိုဘဏ်ကလည်း YES Bank ၏ လုပ်ငန်းများ ပုံမှန်ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် ကန့်သတ်ဆိုင်းငံ့ကာလအတွင်း ပြန်လည်ထူထောင် ရေးလုပ်ငန်းစီမံချက်ရေးဆွဲပြီး အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၅.၃.၂၀၂၀ နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။ ၎င်းလုပ်ငန်းအစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရန်နှင့် ငွေအပ်နှံထားရှိသူများ၏ ယုံကြည်မှုကိုပြန်လည်ရရှိစေရန်အတွက် YES Bank ၏ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့နေရာတွင် အိန္ဒိယနိုင်ငံပိုင်ဘဏ် (State Bank of India - SBI) မှ အငြိမ်းစား ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Prashant Kumar ဦးဆောင်သည့် ဒါရိုက်တာဘုတ်အဖွဲ့ဖြင့် အစားထိုး တာဝန်ပေးအပ်ခဲ့သည်။

အိန္ဒိယဗဟိုဘဏ်သည် ၆.၃.၂၀၂၀ နေ့တွင် YES Bank ပြန်လည်ထူထောင်ရေး လုပ်ငန်းအစီအစဉ်မူကြမ်း (Draft Yes Bank Ltd. Reconstruction Scheme, 2020) ကို ဆက်လက် ထုတ်ပြန်ခဲ့ရာတွင် ၎င်းဘဏ်၏ မတည်ရင်းနှီးငွေပမာဏကို လက်ရှိရူပီးငွေ ၆ ဘီလီယံမှ ၅၀ ဘီလီယံ အထိ တိုးမြှင့်လျက် ငွေသားအပြည့်အဝပေးသွင်းပြီးဖြစ်သည့် အစုရှယ်ယာ (Paid up share) တန်ဖိုး ရူပီးငွေ ၄၈ ဘီလီယံ (အစုရှယ်ယာတစ်ခုတန်ဖိုး ၂ ရူပီးနှုန်းဖြင့် အစုရှယ်ယာပေါင်း ၂၄ ဘီလီယံ) ထားရှိဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးအစီအစဉ်တွင် အိန္ဒိယ နိုင်ငံပိုင်ဘဏ် (SBI) က ရင်းနှီးမြှုပ်နှံဆောင်ရွက်သည့်ဘဏ်အဖြစ်ပါဝင်လျက် အစုရှယ်ယာစုစု ပေါင်း၏ ၄၉ ရာခိုင်နှုန်းအထိ ထည့်ဝင်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ငွေကြေး အရင်းအနှီးထည့်ဝင်သည့်နေ့မှ ၃ နှစ်တာကာလအထိ ရှယ်ယာစုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းအောက်သို့ လျော့ကျမှု မရှိစေရေး SBI က တာဝန်ယူဆောင် ရွက်မည်ဖြစ်ကြောင်း၊ YES Bank ၏ ဘဏ်ခွဲများ၌ တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား လက်ရှိလစာနှုန်းအတိုင်း အနည်းဆုံး ၁ နှစ်တာ ကာလအထိ ဆက်လက်လုပ်ငန်းဆောင်ရွက်နိုင်ရေး အာမခံချက်ရှိမည်ဖြစ်ကြောင်း၊ ယခုပြန် လည်ထူထောင်ရေး အစီအစဉ်မူကြမ်းနှင့် စပ်လျဉ်း၍ Yes Bank လီမိတက်နှင့် သက်ဆိုင်သည့် မည်သည့် အဖွဲ့ဝင်၊ မြီစား၊ မြီရှင်မဆို အကြံပြုခြင်း၊ ကန့်ကွက်ခြင်းများ ပြုလုပ်လိုပါက ၉.၃.၂၀၂၀ နေ့ နောက်ဆုံး ထားလျက် ဗဟိုဘဏ်၏ အထွေထွေမန်နေဂျာချုပ်ထံသို့ စာဖြင့်ပေးပို့ရန်ဖြစ် ကြောင်း ဖေါ်ပြထားပါသည်။

YES Bank သည် ၎င်း၏ မြီစားများထံမှ ချေးငွေပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသည့် ပြဿ နာရပ်များကိုကြုံတွေ့ရပြီး Non-Performing Assets ခေါ် ငွေဖြစ်လွယ်ရန်ခက်ခဲသည့် ပိုင်ဆိုင် မှုများ ပိုမိုများပြားလာခဲ့သည့်အပြင် ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်ပိုင်း၌ Capital Adequacy Ratio ခေါ် အရေးပေါ်အခြေအနေအတွက် ငွေကြေးပမာဏလုံလောက်မှုအချိုးသည် ဗဟိုဘဏ်က သတ်မှတ်သော နှုန်းထားထက် အနည်းငယ်မျှသာ ကျော်လွန် သည့် အခြေအနေသို့ ရောက်ရှိခဲ့ ပါသည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ရီလအတွင်း အခြားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ထံမှ ငွေကြေးအရင်းအနှီးများ ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိသည့် နောက် Yes Bank ၏ လုပ်ငန်းပြိုလဲမှုမှ အခြားဆက်စပ်လျက်ရှိသည့် ငွေကြေး လုပ်ငန်းအဖွဲ့အစည်းများသို့ ဆင့်ကဲ့အကျိုးသက်ရောက်မှု (Domino Effect) ဖြစ်ပေါ်ခြင်းမရှိစေရန် အိန္ဒိယဗဟိုဘဏ်က ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဗဟိုဘဏ်၏ ကြေညာချက်ထွက်ပေါ်ခဲ့ပြီးနောက် အိန္ဒိယစတော့ဈေးကွက်တွင် Yes Bank ၏ ရှယ်ယာတန်ဖိုးများကျဆင်းခဲ့သည့်အပြင် အိန္ဒိယရူပီး ငွေတန်ဖိုးသည်လည်း ၆.၃.၂၀၂၀ နေ့၌ စံချိန်တင်ကျဆင်းခဲ့ရာ ၁ အမေရိကန် ဒေါ်လာနှင့် လဲလှယ်မှုမှာ ၇၄.၀၈ ရူပီးအထိ ရောက်ရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

အိန္ဒိယဗဟိုဘဏ်က YES Bank ၌ ငွေအပ်နှံထားသူများ၏ အကျိုးစီးပွားအား အပြည့်အဝ အကာအကွယ်ရရှိစေမည်ဖြစ်ကြောင်းနှင့် စိုးရိမ်ထိတ်လန့်မှု မဖြစ်ရန် ပြောကြားထားပြီး အိန္ဒိယနိုင်ငံပိုင်ဘဏ် (SBI) ၏ ဥက္ကဌ Mr. Rajnish Kumar ကလည်း ပြန်လည်ထူထောင်ရေး အစီအစဉ်မူကြမ်း ထွက်ပေါ်ပြီးနောက် ၎င်းအစီအစဉ်၌ ပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းဖြင့် ရင်းနှီးမြှုပ်နှံသူအချို့က SBI သို့ ဆက်သွယ်လာမှုများရှိကြောင်း၊ ၎င်းတို့အနေဖြင့် အဆိုပါအစီအစဉ်၌ အစုရှယ်ယာတန်ဖိုး ရူပီးငွေ ၂၄.၅ ဘီလီယံအား ကာလတိုအတွင်း ဖြည့်ဆည်းမည်ဖြစ်ကြောင်း ပြောဆိုပါသည်။ သို့ရာတွင် ၆.၃.၂၀၂၀ နေ့နောက်ပိုင်း၌ အိန္ဒိယနိုင်ငံအတွင်း YES Bank နှင့် ချိတ်ဆက်ထားသည့် Internet Banking, Mobile Banking, Universal Payment Interface (UPI) စသည်တို့မှာ ငွေပေးချေရန်ခက်ခဲခြင်း၊ ငွေပေးချေ၍မရခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး ဘဏ် ငွေအပ်နှံထားသူများအနေဖြင့် YES Bank ၏ ဘဏ်ခွဲများ၊ ATM စက်များ၌ စောင့်ဆိုင်း၍ ငွေပြန် လည်ထုတ်ယူလျက်ရှိကြောင်း တွေ့ရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         1. Yes Bank customers scramble for cash at branches as most ATMs run dry, 7 March 2020, Live Mint

                   2. SBI to immediately invest 2,450 crore to acquire 49% stake in Yes Bank, 7 March 2020, Live Mint

                   3. Press Releases of Reserve Bank of India

                   (a) Yes Bank Ltd. placed under Moratorium, 5 March 2020

                   (b) Supersession of the Board of Directors - Appointment of Administrator - Yes Bank Ltd, 5 March 2020

                    (c) Yes Bank Ltd.: RBI announces Scheme of Reconstruction, 6 March 2020

Category: India (Delhi)