India (Delhi)

အိန္ဒိယနိုင်ငံ၌ စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှုကို ထိန်းသိမ်းနိုင်ရန် ပဲနီလေးနှင့် စားအုန်းဆီအပေါ် သွင်းကုန်အခွန်လျော့ချ

Last Updated:

အိန္ဒိယနိုင်ငံ၌ ပြည်တွင်း စားသောက်ကုန်ဈေးနှုန်းများ ဖောင်းပွမှုကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ ပဲနီလေးနှင့် စားအုန်းဆီတင်သွင်းမှု အပေါ် ကောက်ခံလျက်ရှိသော အခွန်နှုန်းထားများအား လျော့ချသည့် အမိန့်ကြော်ငြာစာများကို အိန္ဒိယအစိုးရက ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း၌ ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယအခွန်ဦးစီးဌာန၏ ၁၂-၂-၂၀၂၂ နေ့ အမိန့်ကြော်ငြာစာအမှတ် 16/2022-Customs ဖြင့် ထုတ်ပြန်ချက်အရ ၁၃-၂-၂၀၂၂ နေ့မှ စတင်၍ ဩစတေးလျနှင့် ကနေဒါနိုင်ငံတို့မှ တင်သွင်းလာသည့် ပဲနီလေးများအပေါ် အကောက်ခွန်သုညရာခိုင်နှုန်းဖြင့် အခွန်ကင်း လွတ်ခွင့်ပြုခဲ့ပြီး ပင်ရင်းဒေသအဖြစ် အမေရိကန်နိုင်ငံမှ ပဲနီလေးတင်သွင်းခြင်းဖြစ်ပါက ယခင်အကောက်ခွန်နှုန်း ၃၀% မှ ယခု ၂၂% သာ ပေးဆောင်ရမည်ဖြစ်သည်။

အလားတူ စားအုန်းဆီကြမ်းတင်သွင်းမှုအပေါ် စိုက်ပျိုးရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန် (AIDC) ကို လည်း လက်ရှိ ၇.၅% ကောက်ခံလျက်ရှိရာမှ ၁၃-၂-၂၀၂၂ နေ့မှစ၍ ၅% သို့ လျော့ချမည်ဖြစ်ကြောင်း အဆိုပါ အမိန့်စာ၌ ဖော်ပြခဲ့ သည်။ သို့ဖြစ်ရာ အခြားထပ်ဆောင်းအခွန်များအပါအဝင် စားအုန်းဆီကြမ်း၏ ဆိပ်ကမ်းအရောက် CIF တန်ဖိုးအပေါ် ယခင်က အခွန်စုစုပေါင်း ၈.၂၅% ကျသင့်ရာမှ ယခု ၅.၅% သာ ပေးဆောင်ရတော့မည်ဖြစ်သည်။ ထို့အပြင် အိန္ဒိယအစိုးရသည် စားအုန်းဆီ ကြမ်း၊ ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့ တင်သွင်းမှုအပေါ် အခြေခံအကောက်ခွန်နှုန်းထားအား ၃၁-၃-၂၀၂၂ နေ့အထိ သုည ရာခိုင်နှုန်းဖြင့် ကင်းလွတ်ခွင့်ပြုထားခြင်းကို ၃၀-၉-၂၀၂၂ နေ့အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း ၎င်းအမိန့်ကြော်ငြာစာ၌ ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလခန့်မှစ၍ အနည်းငယ်ကျဆင်းနေခဲ့သော စားသုံးဆီဈေးနှုန်းများမှာ ပြန်လည်မြင့်တက်လာခဲ့ ရာ မုံညင်းဆီဈေးနှုန်းသည် လက်ကားဈေးကွက်၌ ယခင်အမြင့်ဆုံးနှုန်းထားဖြစ်သော ၁ ကီလိုဂရမ်လျှင် ၁၇၅ ရူပီးသို့ ရောက်ရှိခဲ့ သည်။ ယခုကဲ့သို့ အစိုးရ၏ အခွန်လျော့ချပေးမှုက ပြည်တွင်းရှိ စားသုံးဆီ ပြန်လည်သန့်စင်မှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှု ကို ၆၀% ခန့် တိုးတက်လာစေဖွယ်ရာရှိသည်။

ပြည်တွင်းဈေးကွက်၌ ပဲနီလေးဈေးနှုန်းများမှာ အစိုးရက သတ်မှတ်ထားသည့် အနိမ့်ဆုံးထားရှိဝယ်ယူပေးမည့် အခြေခံရည်ညွှန်း ဈေးနှုန်းဖြစ်သော ၁ ကီလိုဂရမ်လျှင် ၆၄ ရူပီးနှုန်းထက် ပိုမိုလျက် ၁ ကီလိုဂရမ်လျှင် ရူပီး ၇၀ မှ ၇၃ ရူပီးအထိ ဖြစ်ပေါ်လျက်ရှိသည်။ ပဲနီလေး အဓိကတင်ပို့သော ဩစတေးလျနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သူများအတွက် နှစ်သက်လိုလားဖွယ်ရာဖြစ်သော်လည်း ပြည်တွင်း ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ မကြာမီ ပဲနီလေးများထွက်ပေါ်လာမည့်အချိန်၌ သွင်းကုန်အပေါ် အစိုးရ၏ အခွန်နှုန်း ထားလျော့ချမှုသည် ကုန်သည်များအတွက် အံ့အားသင့်ဖွယ်ရာ ဖြစ်စေခဲ့သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Centre cuts import duty on lentils, palm oil cess to tame food inflation, 15-2-2022, Economic Times

                   2. Centre reduces agri-cess for Crude Palm Oil (CPO) from 7.5% to 5% with effect from 12th February, 2022, 14-2-2022, Press Information Bureau of India

 

Category: India (Delhi)