India (Delhi)

အိန္ဒိယနိုင်ငံ၌ စားအုန်းဆီ လွတ်လပ်စွာတင်သွင်းကာလအား သက်တမ်း ၁ နှစ် တိုးမြှင့်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ စားအုန်းဆီများတင်သွင်းမှုအား ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ထားရာမှ ၃၁-၁၂-၂၀၂၁ နေ့အထိ လွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က အမိန့်ကြော်ငြာစာထုတ် ပြန်ထားခဲ့ပါသည်။ ယခုအခါ DGFT ဌာနက HS Code 15119010 ၊ 15119020 နှင့် 15119090 တို့အောက်ရှိ အရောင်ချွတ်၊ အနံ့သတ်သန့်စင်ပြီးသော စားအုန်းဆီချော နှင့် စာအုန်းဆီကြမ်းများအား ကီရာလာပြည်နယ်ရှိ ဆိပ်ကမ်းများမှအပ ကျန်ဆိပ်ကမ်းများမှ ပြည်တွင်းသို့ လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း ဖော်ပြပါရှိသည့် အမိန့်ကြော်ငြာစာအမှတ် ၄၆/ ၂၀၁၅-၂၀၂၀ ကို ၂၀-၁၂-၂၀၂၁ နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယပြည်တွင်း၌ ဈေးနှုန်းဖောင်းပွမှု မြင့်မားလျက်ရှိမှုအပေါ် စိုးရိမ်မှုများမြင့်တက်လာပြီး အိန္ဒိယငွေတိုက်စာချုပ်နှင့် အစုရှယ်ယာများ ကြီးကြပ်မှုအဖွဲ့ (SEBI) က NCDEX စတော့ ဈေးကွက်၌ ပဲပုတ်စေ့၊ ပဲပုတ်ဆီ၊ စားအုန်းဆီကြမ်း၊ ဂျုံ၊ ဆန်စပါး၊ ကုလားပဲ၊ ပဲတီစိမ်းနှင့် မုံညင်း ဆီစေ့များအား အနာဂတ်ကာလ ကြိုတင်ရောင်းဝယ် ခြင်းကို ၁ နှစ်ကြာ ဆိုင်းငံ့ရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့အပြီးတွင် ယခုကဲ့သို့ စားအုန်းဆီ လွတ်လပ်စွာတင်သွင်းကာလ သက်တမ်းတိုးမြှင့်ကြောင်း DGFT ဌာန၏ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

အိန္ဒိယနိုင်ငံသည် ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စားအုန်းဆီများကို နှစ်စဉ် အမြောက်အမြား တင်သွင်းရ လျက်ရှိပါသည်။ အိန္ဒိယ ဆီကြိတ်လုပ်ငန်းရှင်များအသင်း (SEA) ၏ စာရင်းများအရ အောက်တိုဘာလ၌ ကုန်ဆုံးခဲ့သော ၂၀၂၀-၂၁ ခုနှစ် ဈေးကွက်ရာသီအတွင်း ပြည်ပမှ စားသုံးဆီတင်သွင်းမှုမှာ တန်ချိန် ၁၃၁.၃ သိန်းဖြင့် ပုံမှန်တင်သွင်းမှု ပမာဏဝန်းကျင်၌ တည်ရှိနေခဲ့ကြောင်း၊ သို့ရာတွင် တန်ဖိုးအားဖြင့်မူ ရူပီးငွေကုဋေ ၁.၁၇ သိန်းခန့်ရှိပြီး ၆၃% ခန့် ပိုမိုလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင် အိန္ဒိယအကောက်ခွန်နှင့် သွယ်ဝိုက်အခွန်များကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC) သည် ၂၀-၁၂-၂၀၂၁ နေ့တွင်ပင် အမိန့်ကြော်ငြာစာ No. 53/2021-Customs ကိုထုတ်ပြန်လျက် စားအုန်းဆီချောအပေါ် ကောက်ခံသော အကောက်ခွန်အား ၁၇.၅% မှ ၁၂.၅% သို့လျော့ချခဲ့သည်။ သို့ဖြစ်ရာ အခြားထပ်ဆောင်းအခွန်များ အပါအဝင် သန့်စင်ပြီး စားအုန်းဆီချော၏ ဆိပ်ကမ်းအရောက် CIF တန်ဖိုးအပေါ် ယခင်က အခွန်စုစုပေါင်း ၁၉.၂၅% ကျသင့်ရာမှ ၂၁-၁၂-၂၀၂၁ နေ့မှစတင်၍ ၁၃.၇၅% သာပေးဆောင်ရတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Govt allows free import of RBD palm oil, palmolein till Dec 31, 2021, 20-12-2021, Economic Times

                    2. Import tax on refined palm oil cut to 12.5% to calm prices, 20-12-2021, Economic Times

 

 

Category: India (Delhi)