India (Delhi)

အိန္ဒိယနိုင်ငံ၌ တိုက်ရိုက်ရောင်းချခြင်း နည်းဥပဒေများ ထုတ်ပြန်

Last Updated:

အိန္ဒိယနိုင်ငံအစိုးရ၊ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနသည် ၂၈-၁၂-၂၀၂၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် G.S.R. 889 (E) ဖြင့် ၂၀၂၁ ခုနှစ် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ တိုက်ရိုက်ရောင်းချခြင်းနည်းဥပဒေများ (Consumer Protection (Direct Selling) Rules, 2021) ကို ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ နည်းဥပ‌ဒေများ၌ တိုက်ရိုက်ရောင်းချခြင်းလုပ်ကိုင်သည့် ကုမ္ပဏီများနှင့် ၎င်းတို့၏ အရောင်းကိုယ်စားလှယ်များအနေဖြင့် ပိရမစ်ပုံစံရောင်းချခြင်း (သို့မဟုတ်) အဖွဲ့ဝင်သစ်စုဆောင်းမှုဖြင့် ငွေကြေးလည်ပတ်မှုပြုလုပ်ခြင်းကို လုပ်ကိုင်ဆောင်ရွက်မှုမပြုရန် တားမြစ်ထားကြောင်း၊ တိုက်ရိုက်ရောင်းချမှု လုပ်ကိုင်သူများသည် ပြည်တွင်း၌ အနည်းဆုံးအားဖြင့် တည်နေရာလိပ်စာတစ်ခုတွင် မှတ်ပုံတင်၍ ရုံးခန်းဖွင့်လှစ်ထားရှိရမည်ဖြစ်ကြောင်း၊ အဆိုပါကုမ္ပဏီများသည် ၎င်းတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများကိုရယူသည့် စားသုံးသူများ၏ နစ်နာမှုနှင့် တိုင်ကြားလာသည့်ကိစ္စရပ်များအပေါ် ကိုင်တွယ်ဖြေရှင်းမည့်စနစ်တစ်ရပ်အား ထူထောင်ထားရှိရမည်ဖြစ် ကြောင်း၊ ထို့အပြင် ၎င်းတို့၏ အရောင်းကိုယ်စားလှယ်များမှ ရောင်းချသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများမှ ဖြစ်ပေါ်လာသော စားသုံးသူများ၏နစ်နာမှုကိုလည်း တာဝန်ခံရမည်ဖြစ်ကြောင်း၊ စားသုံးသူများ၏ အခွင့်အရေးများ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် တိုက်ရိုက်ရောင်းချမှုလုပ်ကိုင်သည့် ကုမ္ပဏီများသည် ၎င်းတို့ရောင်းချ သော ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းများ၊ ငွေပေးချေရမည့်ကာလ၊ ငွေပေးချေမှုနည်းလမ်း၊ ကုန်စည်ပြန်လည်အပ်နှံမှု၊ ကုန်ပစ္စည်းလဲလှယ်မှု၊ ငွေပြန်အမ်း ပေးမည့်မူဝါဒ၊ ရောင်းချပြီးနောက်ပိုင်း၌ ဝန်ဆောင်မှုပေးမည့်စနစ် စသည့် အသေးစိတ်အချက်များကို အသိပေးဖော်ပြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကုမ္ပဏီများသည် တိုက်ရိုက်ရောင်းချပေးသည့် ကိုယ်စားလှယ်များနှင့် အရောင်းစာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး ၎င်းတို့ကုမ္ပဏီ၏ ကိုယ်စားလှယ်ဖြစ်ကြောင်း အသိအမှတ်ပြု သက်သေခံ ကတ်ပြားကို တည်နေရာလိပ်စာနှင့်တကွ ထုတ် ပေးထားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံရှိ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့များအနေဖြင့် တိုက်ရိုက်ရောင်းချမှုလုပ်ကိုင်သည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များ၏ လုပ်ငန်းဆောင်ရွက်မှုများ ကို စောင့်ကြည့်ကြပ်မတ်ရန်အတွက် ယန္တရားတစ်ရပ်ကို ထူထောင်ထားရှိရမည်ဖြစ်ပါသည်။ ပြည်တွင်း၌ တိုက်ရိုက်ရောင်းချခြင်းကို လက်ရှိလုပ်ကိုင်နေသော ကုမ္ပဏီ များအနေဖြင့် စားသုံးသူရေးရာဝန်ကြီးဌာန၏ အထက်ပါအမိန့်ကြော်ငြာစာအား အစိုးရဂေဇက်၌ ထုတ်ပြန်ဖော်ပြသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေများ နှင့် လျော်ညီမှုရှိအောင် ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

အိန္ဒိယတိုက်ရိုက်ရောင်းချသူများအသင်း (IDSA) ၌ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အလှကုန်နှင့် တစ်ကိုယ်ရည်ကျန်းမာရေး‌စောင့်ရှောက်မှု ကုန်စည် များအား တိုက်ရိုက်ရောင်းချမှုလုပ်ကိုင်သည့် Amway India ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ Mr. Rajat Banerji က ၎င်းတို့အနေဖြင့် တိုက်ရိုက်ရောင်းချမှု လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ လွန်ခဲ့သော ၂ နှစ်ကပင် အစိုးရနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ နည်းဥပဒေများအား ထုတ်ပြန်ပြဌာန်းခဲ့  မှုမှာ ဈေးကွက်အတွင်း ရှင်းလင်းပြတ်သားမှုကို ဆောင်ကြဉ်းလျက် တိုက်ရိုက်ရောင်းချမှုလုပ်ငန်းနယ်ပယ်အတွက် တွန်းအားပေးမှုကို ဖြစ်ပေါ်စေကြောင်းဖြင့် ပြော ဆိုပါသည်။

ကမ္ဘာလုံးဆိုင်ရာ တိုက်ရိုက်ရောင်းချမှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (World Federation of Direct Selling Association) ၏ အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ် တွင် အိန္ဒိယနိုင်ငံ၌ တိုက်ရိုက်ရောင်းချမှုလုပ်ငန်းပမာဏသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ (ရူပီးငွေ ကုဋေ ၂၂၅၀၀ ခန့်) ရှိပြီး နှစ်စဉ်တိုးတက်မှု နှုန်း ၂၈.၃% ရှိကြောင်း၊ အမျိုးသမီးဦးရေ ၅၀% ကျော်ပါဝင်သည့် အရောင်းကိုယ်စားလှယ် ၇.၄ သန်းကျော်ရှိသော အိန္ဒိယတိုက်ရိုက်ရောင်းချမှု လုပ်ငန်းနယ်ပယ်သည် ကမ္ဘာပေါ်၌ အလျင်မြန်ဆုံး တိုးတက်လျက်ရှိသော ဈေးကွက်ဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Direct selling companies banned from promoting pyramid schemes, 29-12-2021, Economic Times

                   2. Direct-selling companies can't promote pyramid scheme, says govt, 29-12-2021, Business Standard

Category: India (Delhi)