India (Delhi)

အိန္ဒိယနိုင်ငံ၌ နိုင်ငံတကာလေကြောင်းခရီးစဉ်များအား မတ်လ ၂၇ ရက်တွင် ပြန်လည်စတင်မည်

Last Updated:

အိန္ဒိယနိုင်ငံသို့ ဝင်/ထွက်သွားလာသည့် နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို ၂၇--၂၀၂၂ နေ့တွင် ပြန်လည်စတင်မည်ဖြစ်သည်ဟု အိန္ဒိယ မြို့ပြလေကြောင်းဝန်ကြီးဌာနက --၂၀၂၂ နေ့၌ သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ကြေညာချက်တွင် အိန္ဒိယမြို့ပြလေကြောင်းညွှန်ကြားမှုဌာန (DGCA) အနေဖြင့် Covid-19 ကပ်ရောဂါ ကူးစက်မှုအား ကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များ အိန္ဒိယနိုင်ငံအတွင်း ဝင်ထွက်ပြေးဆွဲခြင်းကို ၂၃--၂၀၂၀ နေ့ မှ စတင်ရပ်ဆိုင်းထားခဲ့ကြောင်း၊ ယခုအခါ ကာကွယ်ဆေးထိုးနှံမှုမှာ ကမ္ဘာတစ်ဝန်းလုံးသို့ လွှမ်းခြုံတိုးတက်မှုများ ရရှိလာပြီဖြစ်ပြီး လေကြောင်းပို့ဆောင်မှု လုပ်ငန်းနယ်ပယ်၌ ပါဝင်လုပ်ဆောင်နေကြသူများနှင့် ဆွေးနွေးညှိနှိုင်းရရှိမှုများအရ အိန္ဒိယနိုင်ငံအစိုးရ သည် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များအား ၂၀၂၂ ခုနှစ် နွေရာသီအစီအစဉ်တွင် ၂၇--၂၀၂၂ နေ့မှ စတင် လုပ်ဆောင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့ဖြစ်ရာ လက်ရှိဆိုင်းငံ့ထားမှုမှာ ၂၆--၂၀၂၂ နေ့ ၂၃:၅၉ နာရီအချိန်အထိ သက်ရောက် မည်ဖြစ်ပြီး နှစ်နိုင်ငံ သဘောတူညီချက်များဖြင့် ပျံသန်းပြေးဆွဲသော Air Bubble ခရီးစဉ်များသည်လည်း အဆိုပါကာလအထိသာ သက်တမ်းတိုးမြှင့်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာ လေကြောင်းခရီးစဉ် လုပ်ငန်းဆောင်ရွက်မှုအားလုံးသည် ၁၀--၂၀၂၂ နေ့၌ အိန္ဒိယ ကျန်းမာရေးနှင့် မိသားစုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ကျန်းမာရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၌ နိုင်ငံတကာ စီးပွားရေးလေကြောင်းခရီးများပျံသန်းမှု ဆိုင်းငံ့ခြင်းကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်၍ လစဉ်သက်တမ်း တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့နောက် အိန္ဒိယနိုင်ငံသည် Air Bubble သဘောတူညီချက်များဖြင့် အထူးလေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှ စတင်ခဲ့ရာ လက်ရှိ ကာလတွင် နိုင်ငံပေါင်း ၃၇ ခုနှင့် လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိသည်။ ပြည်ပလေကြောင်းခရီးစဉ်များနှင့်စပ်လျဉ်း၍ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းလမ်းညွှန်ချက်တွင် အိန္ဒိယနိုင်ငံသို့ လာရောက်မည့် ခရီးသည်အားလုံးသည် မူလနိုင်ငံမှ လေယာဉ်မထွက်ခွာမီ ၇၂ နာရီအတွင်း စစ်ဆေးထားသည့် Covid-19 ရောဂါ ကင်းစင်ကြောင်းဖော်ပြထားသော Negative RT-PCR Report ဆေးစစ်ချက်လက်မှတ် သို့မဟုတ် အိန္ဒိယအစိုးရက အသိအမှတ်ပြု ထားသော Covid-19 ကာကွယ်ဆေးတစ်ရပ်ရပ်အား သတ်မှတ်အကြိမ်ရေ အပြည့်အဝ ထိုးနှံထားပြီးဖြစ်ကြောင်း သက်သေခံလက်မှတ်ကို ပြသနိုင်ရမည်ဖြစ်သည်။

အိန္ဒိယအစိုးရသည် လေကြောင်းလိုင်းများ၊ လေဆိပ်များ၊ မြို့ပြလေကြောင်းညွှန်ကြားမှုဌာနနှင့် အိန္ဒိယ လေဆိပ်များကြီးကြပ်မှု အာဏာပိုင်အဖွဲ့တို့မှ ကိုယ်စားလှယ်များအပါအဝင် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းနယ်ပယ်၌ ပါဝင်လုပ်ဆောင်နေသူများနှင့် ပူးပေါင်းညှိနှိုင်းလျက် နွေရာသီ နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီး အစီအစဉ်များ အပြီးသတ်ရေးဆွဲမှုကို လုပ်ဆောင်နေပြီ ဖြစ်သည်ဟု အစိုးရအဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားကြောင်း Indian Express သတင်းဌာနက ဖော်ပြပါသည်။

ယူကရိန်းနိုင်ငံ အကျပ်အတည်း၏ နောက်ဆက်တွဲ လေကြောင်းပျံသန်းဇုံ ကန့်သတ်ချက်များနှင့် လေယာဉ်ဆီများ ဈေးနှုန်းကြီးမြင့် လာမှုအရ အိန္ဒိယ- အမေရိကန်နှင့် အိန္ဒိယ- ကနေဒါ လေကြောင်းခရီးများ၏ လေယာဉ်ခနှုန်းထားများမှာ မြင့်တက်လျက်ရှိပါသည်။  အိန္ဒိယအစိုးရ၏ ယခုဆုံးဖြတ်ချက်သည် လေကြောင်းလိုင်းများအတွက် အိန္ဒိယနှင့် အခြားပြည်ပနိုင်ငံတို့အကြား မူလလက်မှတ်ရေး ထိုးထားသည့် လေကြောင်းဝန်ဆောင်မှု သဘောတူညီချက်များအတိုင်း လုပ်ငန်းအပြည့်အဝလုပ်ကိုင်ခွင့်ကို ရရှိစေမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ လေကြောင်းခရီးစဉ် အကြိမ်အရေအတွက် ကန့်သတ်ထားမှုမရှိပဲ လုပ်ကိုင်ခွင့်ပြုရန် လက်မှတ်ရေးထိုးထားသည့် အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့အကြား လမ်းခရီးတစ်ထောက် ရပ်နားမှုမရှိသော Non-Stop Flights ခရီးစဉ်များ၏ လေယာဉ်ခများမှာ လျော့ကျလာဖွယ်ရှိပါသည်။

အင်တာနက်စင်္ကြန် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Ixigo အား ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Aloke Bajpai က အိန္ဒိယနိုင်ငံ၌ နိုင်ငံတကာသို့ လေကြောင်းခရီးသွားရောက်လိုမှု ဝယ်လိုအားမှာ မြင့်တက်လာပြီဖြစ်ကြောင်း၊ ဩစတေးလျ၊ သီရိလင်္ကာ၊ အမေရိကန်၊ ဗြိတိန် စသည့် အထင်ကရခရီးသွားဒေသများသို့ သွားရောက်နိုင်ရန်အတွက် ၎င်းတို့အေဂျင်စီ ၏ အင်တာနက်စင်္ကြန်သို့ ဝင်ရောက်စုံစမ်းမှုများမှာ သိသာစွာ တိုးတက်လာခဲ့ကြောင်း၊ အထူးသဖြင့် ဩစတေးလျနိုင်ငံရှိ မြို့ကြီးများ သို့ သွားရောက်နိုင်ရန် မေးမြန်းစုံစမ်းမှုမှာ ယခုလအတွင်း ၁၅% မှ ၂၀% အထိ တိုးတက်လာခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်း၌ ခရီး သွားလာမှုဆိုင်ရာ ကန့်သတ်ချက်များအား ပြန်လည်ဖြေလျော့မှု ပြုလာသည်နှင့်အမျှ အိန္ဒိယခရီးသည်များ၏ ခရီးဝေးသွားရောက်ရန် စိတ်အားထက်သန်မှု မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်စတင်ခြင်းက ဝယ်လို အားနှင့် ရောင်းလိုအား မျှတမှုကိုဖြစ်စေပြီး နိုင်ငံတကာလေကြောင်းခရီးလက်မှတ်ခများ လျော့ကျမှုရလာဒ်ကို ရရှိနိုင်မည်ဖြစ် ကြောင်း ပြောဆိုပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Scheduled commercial international passenger services to/from India to resume from 27.03.2022, 8-3-2022, Press Information Bureau of India

2. Regular flights abroad to start March 27 after gap of 2 years, 9-3-2022, The Indian Express

Category: India (Delhi)