India (Delhi)

အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံနှင့် မတ်ပဲ လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့်ကာလအား တိုးမြှင့်ခြင်း

Last Updated:

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲ တို့အား ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာ (Free) တင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ်သို့ ပြောင်းလဲသတ်မှတ်လျက် တင်ပို့ရာဒေသ၌ Bill of Lading ထုတ်ပေးခြင်းကို ၃၁-၁၂-၂၀၂၁ နေ့အထိလည်းကောင်း၊ အိန္ဒိယဆိပ်ကမ်းများ၌ ကုန်စည် များအား ဆိပ်ကမ်းရှင်းလင်းခြင်းကို ၃၁-၁-၂၀၂၂ နောက်ဆုံးထား၍ လည်းကောင်း တင်သွင်းခွင့်ပြုခဲ့ပါသည်။

ယခုအခါ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာနသည် ၂၀-၁၂-၂၀၂၁ နေ့တွင် ပဲတီစိမ်းတင်သွင်းမှုအတွက် အမိန့်ကြော်ငြာစာအမှတ် S.O. 5317 (E) ကိုလည်းကောင်း၊ မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းခြင်းအတွက် အမိန့်ကြော်ငြာစာအမှတ် S.O. 5318 (E) အားလည်းကောင်း ထုတ်ပြန်လျက် အဆိုပါပဲများအား လွတ်လပ်စွာတင်သွင်းခွင့်ပြု သည့်ကာလကို ၃၁-၃-၂၀၂၂ နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာများတွင် ၃၁-၃-၂၀၂၂ နေ့မတိုင်မီ တင်ပို့ရာဆိပ်ကမ်းမှ Bill of Lading ထုတ်ပေးခဲ့ပါက အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများတွင် အကောက်ခွန်နှင့် ဆိပ်ကမ်းရှင်းလင်းမှုလုပ်ငန်းများကို ၃၀-၆-၂၀၂၂ နေ့နောက်ဆုံးထား၍ ဆောင်ရွက်ခွင့်ပြု မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယအစိုးရက အဓိကပဲ ၃ မျိုးအား လွတ်လပ်စွာတင်သွင်းခွင့်ကာလ တိုးမြှင့်ခဲ့မှုအပေါ် ပဲကုန်သည်အသိုင်းအဝိုင်းက ကြိုဆိုလျက်ရှိကြသော်လည်း ပြည်ပမှပဲများ ဈေးနှုန်းသက်သာစွာဖြင့် ဝင်ရောက်လာပါက ၎င်းတို့၏ ဝင်ငွေရရှိမှုအား ထိခိုက်မှုရှိလာနိုင်မည့်အရေးကို ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများက စိုးရိမ်မကင်းဖြစ်ပေါ် လျက် ရှိကြပါသည်။

Kalaburgi မြို့ရှိ ကာနာတကာ ပရာဒေ့ရှ် ပဲစင်းငုံစိုက်ပျိုးသူများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr Basavaraj Ingin က အစိုးရ၏ ယခုဆောင်ရွက်ချက်မှာ ကောင်းမွန်သည့် ဆုံးဖြတ်ချက်ဟု မဆိုနိုင်ကြောင်း၊ ပဲများ လွတ်လပ်စွာ တင်သွင်းခွင့်ပြုခြင်းသည် ယခုနှစ်၌ စိုက်ပျိုးထုတ်လုပ်သူ များအတွက် ထိခိုက်မှုဖြစ်စေရုံသာမက နောင်လာမည့် သီးနှံရာသီ၌ စိုက်ပျိုးထုတ်လုပ်မှုအပေါ်ကိုလည်း သက်ရောက်မှုရှိကြောင်း၊ သို့ဖြစ်ရာ အစိုးရအနေဖြင့် အရေအတွက်အရ ကန့်သတ်မှုအချို့ကို လုပ်ဆောင်သင့်ကြောင်း ပြောဆိုပါသည်။

အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံလုပ်ငန်းရှင်များအသင်း (IPGA) မှ ဒုတိယဥက္ကဋ္ဌ Mr Bimal Kothari က ပြည်တွင်းဈေးကွက်တွင် စားသုံးဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပဲမျိုးစုံ၏ဈေးနှုန်းများသည် လွန်ခဲ့သော ၃ - ၄ လကပင် အတန်အသင့် တည်ငြိမ်မှုရရှိနေပြီဖြစ်ကြောင်း၊ လက်ရှိကာလ၌ ကုလားပဲဈေးနှုန်းမှာ အစိုးရက အနိမ့်ဆုံးဈေးပေးဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်း (MSP) ၏အောက်သို့ ကျဆင်းလျက်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံတို့မှာ MSP ဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ပြည်တွင်း၌ စိုက်ပျိုးထားသည့် ပဲစင်းငုံများကို နေရာဒေသများစွာတွင် ရိတ်သိမ်းခဲ့ပြီဖြစ်ပြီး ဒေသအချို့၌သာ ရိတ်သိမ်းဆဲအခြေအနေတွင် ကျန်ရှိ ကြောင်း၊ နိုင်ငံတောင်ပိုင်းဒေသများတွင် မိုးရွာသည်းထန်စွာသွန်းမှုကြောင့် ပဲစင်းငုံစိုက်ခင်းများ ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ရှေ့လာမည့် ၃ လတာအတွင်း နိုင်ငံတကာ ဈေးကွက်၌ အကန့်အသတ်ဖြင့်သာ ပဲစင်းငုံရရှိနိုင်ဖွယ်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံထံမှ ပဲစင်းငုံအသစ်များ တင်သွင်းရရှိမှုမှာ တန်ချိန် ၁.၅ သိန်းထက် ပိုမိုနိုင် ဖွယ်မရှိဟု ခန့်မှန်းထားကြောင်း၊ ဒုတိယအရင်းအမြစ်ဈေးကွက်ဖြစ်သော အာဖရိကဒေသမှ ပဲစင်းငုံအမြောက်အများကို လွန်ခဲ့သော ၄ လအတွင်း တင်သွင်းထားခဲ့ပြီး ဖြစ်ရာ ၎င်းဒေသမှ ကုန်လက်ကျန် တန်ချိန် ၂၅၀၀၀ မှ ၅၀၀၀၀ အထိသာ ထပ်မံ တင်သွင်းနိုင်ဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်မှာ တည်ငြိမ်မှုဆက်လက် ရရှိ နေမည်ဖြစ်ပြီး ဈေးနှုန်းများ မြင့်တက်ဖွယ် မရှိသကဲ့သို့ ဈေးနှုန်းများ အလွန်အမင်း ကျဆင်းလိမ့် မည် မဟုတ်ကြောင်း၊ မတ်ပဲဈေးကွက်သည်လည်း အလားတူ အခြေအနေရှိကြောင်း၊ မတ်ပဲ ရိတ်သိမ်းချိန်၌ မိုးများမှုကြောင့် ထိခိုက်ပျက်စီးမှု ကြီးမားစွာဖြစ်ပေါ်ခဲ့သော်လည်း အစိုးရ၏ စီမံ ဆောင်ရွက်မှုများအရ မြန်မာနိုင်ငံထံမှ တန်ချိန် ၅ သိန်းမှ ၆ သိန်းအထိ ဝယ်ယူတင်သွင်းနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ လာမည့် ၃ လတာအတွင်း ပြည်တွင်း စိုက်ပျိုးမှုမှလည်း မတ်ပဲအသစ်များ ဈေးကွက် ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ မတ်ပဲဈေးကွက်မှာ တည်ငြိမ်မှုရရှိနေမည်ဖြစ်ပြီး ဈေးနှုန်းမှာလည်း MSP နှုန်းထားဝန်းကျင်၌သာရှိမည်ဟု ခန့်မှန်းရကြောင်း၊ အစိုးရ၏ပဲများ လွတ်လပ်စွာတင်သွင်းခွင့်ကာလ တိုးမြှင့်ခဲ့မှုမှာ အသိအမြင်ရှိစွာဖြင့် ကြိုတင်စီမံဆောင်ရွက်မှုတစ်ရပ်ပင်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားပါသည်။

တန်ဇန်နီးယားနိုင်ငံ ပဲမျိုးစုံကွန်ယက် (Tanzania Pulses Network) ၌ တွဲဖက်ပူးပေါင်းဆောင်ရွက်ရေးမှူးအဖြစ် တာဝန်ယူလျက်ရှိသော Mr Zirack Andrew က အိန္ဒိယအစိုးရ၏ ပဲများ လွတ်လပ်စွာတင်သွင်းခွင့်ကာလတိုးမြှင့်ကြောင်း ကြေညာချက်မှာ ၎င်းတို့အတွက် သတင်းကောင်းပင်ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံနှင့် မြန်မာနိုင်ငံ တို့၏နောက်၌ အိန္ဒိယ၏ တတိယမြောက် ပဲအများဆုံးတင်သွင်းရာနိုင်ငံအဖြစ် ရောက်ရှိလာခဲ့သော တန်ဇန်နီးယားရှိ ပို့ကုန်လုပ်ငန်းရှင်များအတွက် အိန္ဒိယနိုင်ငံနှင့် ဆက်စပ်၍ စီးပွားရေးလုပ်ဆောင်ရန် ယုံကြည်မှုကို ပြန်လည်မြှင့်တင်ရာ၌ အထောက်အကူပြုကြောင်း ပြောဆိုပါသည်။

မြန်မာနိုင်ငံ၌ ပဲမျိုးစုံတင်ပို့မှုကို လုပ်ဆောင်လျက်ရှိသော OATA ကုန်သည်အသင်းမှ ဥက္ကဋ္ဌဖြစ်သူ Mr Vatsal Lilani ကလည်း အိန္ဒိယအစိုးရ၏ ယခုလုပ်ဆောင်ချက် သည် ကုန်သွယ်မှုလုပ်ငန်းများ တည်ငြိမ်မှုရရှိစေသကဲ့သို့  စဉ်ဆက်မပြတ် ကုန်စည်ပို့ဆောင်နိုင်ရေးအတွက်လည်း အထောက်အပံ့ပြုကြောင်း၊ ထို့အပြင် အိန္ဒိယနှင့် ပဲတင်ပို့သည့်နိုင်ငံများ၌ ဈေးနှုန်းတည်ငြိမ်မှုကိုလည်း သေချာခိုင်မာစေကြောင်း၊ အိန္ဒိယအာဏာပိုင်များ၏ ယခုကဲ့သို့ လက်တွေ့ကျသော ကုန်သွယ်ရေးမူဝါဒ ချမှတ် ဖော်ဆောင်မှုကို မြန်မာကုန်သည်အသိုင်းအဝိုင်းကလည်း ဝမ်းမြောက်စွာ ကြိုဆိုကြောင်းဖြင့် ပြောဆိုပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Notification No. S.O. 5317(E) dated 20th December 2021 of the Department of Commerce of India

                    2. Notification No. S.O. 5318(E) dated 20th December 2021 of the Department of Commerce of India

                    3. Govt extends import window for pulses; growers fear inflow of cheaper produce, 21-12-2021, Hindu Business Line

                    4. Govt allows import of moong, urad and tur to continue without quantitative restrictions, 21-12-2021, Hindu Business Line

Category: India (Delhi)