India (Delhi)

အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံများတင်သွင်းခွင့်ပြုခဲ့သော်လည်း ဈေးနှုန်းများကျဆင်းဖွယ် မရှိကြောင်း ကုန်သည်များက ပြောဆိုခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တင်သွင်းခွင့်ပြုမည့် ပဲစင်းငုံ ၄ သိန်း အတွက် တင်သွင်းခွင့်လိုင်စင်များအား ၆   လကျော်ကြာ ဆိုင်းငံ့ထားရာမှ ပြည်တွင်းရှိ ပဲခွဲစက် လုပ်ငန်းရှင်များသို့ ကိုတာခွဲဝေပေးမှုစာရင်းနှင့်အတူ ၁၅-၁၁-၂၀၂၀ နေ့ နောက်ဆုံး ထား၍ အိန္ဒိယဆိပ်ကမ်းသို့အရောက် တင်သွင်းရမည်ဖြစ်ကြောင်းကို ၁၃-၁၀-၂၀၂၀ နေ့တွင် ၎င်း၏ ဒေသဆိုင်ရာ DGFT ရုံးခွဲများသို့ အကြောင်းကြားစာထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ကြေညာချက်ထွက်ရှိပြီးနောက်ရက်တွင် ပြည်တွင်း၌ ပဲစင်းငုံကြိတ်ခွဲထုတ်လုပ်သည့် အဓိအချက်အချာနေရာဖြစ်သော မဟာရတ္ထပြည်နယ် Akola မြို့ရှိ လက္ကားဈေးကွက်တွင် ပဲစင်းငုံ တစ်ကီလိုဂရမ်လျှင် ၁၂၅ ရူပီးရှိရာမှ ၁၀၅ ရူပီးနှုန်းသို့ ကျဆင်းခဲ့ပါသည်။ သို့ရာတွင် ပဲကုန်သည်များက ဈေးနှုန်းကျဆင်းမှုမှာ ရေရှည်ကြာမြင့်ဖွယ်မရှိကြောင်း ပြောဆိုလျက်ရှိကြပါသည်။

အိန္ဒိယ ပဲခွဲစက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ Mr. Suresh Aggarwal က ပဲစင်းငုံများ အား ၃၂ ရက်အတွင်း တင်သွင်းရန်မှာ အလွန်တိုတောင်းသည့် ကာလဖြစ်ကြောင်း၊ သွင်းကုန် လိုင်စင်ရယူသည့်ကိစ္စကပင် အနည်းဆုံးရက်သတ္တ တစ်ပတ်ကြာမြင့်ကြောင်း၊ ထိုမျှသောကာလအတွင်း တင်သွင်းခွင့် ပြုသည့် ပဲစင်းငုံတန်ချိန် ၄ သိန်း၏ ၁၀% တင်သွင်းနိုင်ရန်ကိုပင် ခက်ခဲစွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပဲစင်းငုံတင်သွင်းခွင့်အား ၂၀၂၁ ခုနှစ် မတ်လကုန်အထိ တိုးမြှင့်ပေးရန် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ထံသို့ ၎င်းတို့အသင်းမှ စာရေးသားပေးပို့ တောင်းဆိုထားကြောင်းပြောကြားပါသည်။ Akola မြို့မှ ပဲခွဲစက်လုပ်ငန်းရှင် Mr. Rupesh Rathi ကလည်း တင်သွင်းကာလတိုတောင်းပြီး ဒေဝါလီပွဲတော်ရာသီအချိန်အခါနှင့် တိုက်ဆိုင်လျက်ရှိရာ ကုန် ကြမ်းပြတ်လပ်မှု ဖြစ်ပေါ်နိုင်ပြီး အစိုးရအနေဖြင့် အရန်သိုလှောင်ထားရှိသည့် ပဲစင်းငုံများအား ဈေးကွက်အတွင်းသို့ ရောင်းချခြင်းမပြုလျှင် ဈေးနှုန်းများ ဆက်လက်မြင့်တက်ဖွယ်ရှိ‌ကြောင်း၊ ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် သီးနှံအသစ်များသည် အစောဆုံးအားဖြင့် ဒီဇင်ဘာလပထမပတ်ခန့်၌သာ ဈေးကွက်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အစိုးရသည် ကုန်စည်ပြတ်လပ်မှု ရှိနိုင်သည့် ရက်ပေါင်း ၃၀ ခန့်ကာလအား စီမံခန့်ခွဲနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောဆိုပါသည်။

ယခုနှစ်မိုးသီးနှံရာသီ၌ ပဲစင်းငုံစိုက်ပျိုးထွက်ရှိမှုမှာ ပုံမှန်ထက်ပိုမိုဖွယ်ရာရှိသဖြင့်  ပြည်ပမှဝယ်ယူတင်သွင်းခွင့်ပြုရန် အိန္ဒိယအစိုးရသည် တုန့်ဆိုင်းနေခဲ့ကြောင်း၊ နှစ်နိုင်ငံအစိုးရချင်း သဘောတူစာချုပ်အရ မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံများ ဝယ်ယူတင်သွင်းလျက်ရှိသော်လည်း ပဲရောင်းဝယ်မှုဆိုင်ရာ ကျွမ်းကျင်သူများကမူ ပြည်တွင်းရှိ စားသုံးသူအများစုသည် အာဖရိကဒေသထွက်ပဲများအား နှစ်သက်မှုမရှိဟု ပြောဆိုကြကြောင်း၊ DGFT မှ သတင်းထုတ်ပြန်ခဲ့အပြီးတွင် မြန်မာနိုင်ငံ၌ ပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ ၆၅၀ ခန့်ရှိရာမှ ဒေါ်လာ ၈၀၀ အထိ ဈေးမြင့်တက်ခဲ့ကြောင်း၊ အခြားတစ်ဖက်တွင် ပြည်ပမှတင်သွင်းသည့် ပဲများ၏ဈေးနှုန်းမှာ အစိုးရကအနိမ့်ဆုံးထားရှိ ဝယ်ယူပေးမည့် အခြေခံရည်ညွှန်း ဈေးနှုန်း၏ အောက်၌ရှိမည်ကို အိန္ဒိယ တောင်သူလယ်သမားအဖွဲ့အစည်း ခေါင်းဆောင်များက စိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်းဖြင့် အိန္ဒိယ Economic Times သတင်းဌာနက ဖော်ပြပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Category: India (Delhi)