India (Delhi)

အိန္ဒိယနိုင်ငံ၌ ပဲတီစိမ်းအား ကန့်သတ်တင်သွင်းကုန်စည်အဖြစ် မူဝါဒပြောင်းလဲချမှတ်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်းများအား ၃၁-၃-၂၀၂၂ နေ့အထိ လွတ်လပ်စွာတင်သွင်းခွင့်ပြုလျက် ၎င်းနေ့ ရက်မတိုင်မီ တင်ပို့ရာဆိပ်ကမ်းမှ Bill of Lading ထုတ်ပေးခဲ့ပါက အိန္ဒိယဆိပ်ကမ်းများတွင် အကောက်ခွန်နှင့် ဆိပ်ကမ်းရှင်းလင်းမှု လုပ်ငန်းများကို ၃၀-၆-၂၀၂၂ နေ့အထိ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ၂၀-၁၂-၂၀၂၁ နေ့၌ ကြေညာ ချက်ထုတ် ပြန်ထားခဲ့ပါသည်။

ယခုအခါ ၁၉၉၂ ခုနှစ် နိုင်ငံခြားကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ကြီးကြပ်ရေးအက်ဥပဒေအရ အပ်နှင်းထားသည့် အခွင့်အာဏာကို ကျင့်သုံး လျက် HS Code 07133190 အောက်ရှိ ပဲတီစိမ်း (Moong [Beans of the SPP Vigna Radiata (L.) Wilczek]) တင်သွင်းခွင့်အား လွတ်လပ်စွာတင်သွင်းကုန်အဖြစ်မှ ကန့်သတ်တင်သွင်းခွင့်ပြသည့် ကုန်စည်အဖြစ်သို့ မူဝါဒပြင်ဆင်သတ်မှတ်ကြောင်းနှင့် ကြေညာ ချက်ထုတ်ပြန်ချိန်မှ လက်ငင်းအကျိုးသက်ရောက်မှုရှိစေမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် အမိန့်ကြော်ငြာစာအမှတ် S.O. 624(E) ကို ၁၁-၂-၂၀၂၂ နေ့တွင် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဌာနက ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယအစိုးရသည် ၉-၆-၂၀၂၁ နေ့တွင် ၂၀၂၁-၂၂ သီးနှံရာသီနှစ်၌ စိုက်ပျိုးထွက်ရှိသည့် ပဲတီစိမ်းများ ရောင်းဝယ်မှုအတွက် အစိုးရ က အနိမ့်ဆုံးထားရှိဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်းကို ကုန်ချိန် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၇၂၇၅/- နှုန်း သတ်မှတ်ခဲ့သည်။ သို့ရာတွင် Commodity Insights မှ ဖော်ပြသည့် ကိန်းဂဏန်းများအရ ရာဂျပ်စတန်ပြည်နယ်၌ ၁၂-၁-၂၀၂၂ နေ့တွင် ဖြစ်ပေါ်သော ပဲတီစိမ်း လက်ကားဈေးနှုန်းမှာ ၁ ကွင်တယ်လျှင် အမြင့်ဆုံးဈေးနှုန်း ရူပီးငွေ ၆၉၀၀/- နှင့် အနိမ့်ဆုံး ဈေးနှုန်း ရူပီးငွေ ၂၁၀၀/- ရှိကြောင်း၊ အိန္ဒိယအစိုးရက တင်သွင်းခွင့်ကန့်သတ်သည့်အမိန့်အား ထုတ်ပြန်ခဲ့ပြီးနောက် ၁၂-၂-၂၀၂၂ နေ့၌ ၎င်းပြည်နယ်တွင် ပဲတီစိမ်းလက်ကားဈေးနှုန်းမှာ ၁ ကွင်တယ်လျှင် အမြင့်ဆုံးဈေးနှုန်း ရူပီးငွေ ၇၀၀၀/- နှင့် အနိမ့်ဆုံးဈေးနှုန်း ရူပီးငွေ ၅၃၀၀/- ရှိပြီး စံပျမ်းမျှဈေးနှုန်းသည် ရူပီး ၆၂၀၀/- ဖြစ်ကြောင်း တွေ့ရှိရပါသည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဌာန၏ စာရင်းများအရ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း ဧပြီလမှ ဒီဇင်ဘာလအထိ ပဲတီစိမ်း (HS Code 07133190) ကုန်ချိန် ၁၅၃၅၂၃ တန်အား တင်သွင်းထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူ၌ ပဲတီစိမ်းတင်သွင်းခဲ့မှု ၂၇၇၇၈ တန်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှုမှာ ၄၅၂.၆၈% ရှိပါသည်။ အဆိုပါကာလအတွင်း အိန္ဒိယ၏ ပဲတီစိမ်းတင်သွင်းမှုအများဆုံး ကုန်သွယ်ဖက် နိုင်ငံများမှာ မိုဇမ်ဘစ် (တန်ချိန် ၅၉၄၀၀ ကျော်)၊ တန်ဇန်နီးယား (တန်ချိန် ၃၁၆၀၀ ကျော်) နှင့် ဘရာဇီး (တန်ချိန် ၁၄၃၀၀ ကျော်) တို့ဖြစ်ကြောင်း၊ နဝမမြောက်နေရာတွင်ရှိသော မြန်မာနိုင်ငံထံမှ ပဲတီစိမ်းကုန်ချိန် ၄၀၂၃ တန်အား တင်သွင်းထားပြီးဖြစ်ကြောင်း တွေ့ရှိရသည်။

သို့ဖြစ်ရာ ပြည်ပမှတင်သွင်းမှုပမာဏ များပြားလာသည်နှင့်အမျှ ပြည်တွင်း၌ ဈေးနှုန်းများကျဆင်းမှုဖြစ်ပေါ်ခဲ့ပြီး ပဲတီစိမ်းအား အခြေခံဈေးနှုန်း (MSP) အောက်၌သာ ရောင်းဝယ်မှုရှိခြင်းက အိန္ဒိယအစိုးရအတွက် ပြည်တွင်းလုပ်ငန်းရှင်များအား အကာအကွယ် ပေးနိုင်ရေး သွင်းကုန်မူဝါဒကိုပြောင်းလဲရန် စေ့ဆော်မှုဖြစ်ပေါ်စေသည်ဟု သုံးသပ်ရပါသည်။

ယခုကဲ့သို့ အိန္ဒိယအစိုးရ၏ မူဝါဒပြောင်းလဲမှုအပေါ် India Pulses and Grains Association မှ ဒုတိယဥက္ကဋ္ဌ Mr. Bimal Kothari ၏ ပြောဆိုမှုအရ အိန္ဒိယ ပဲတင်သွင်းသူများသည် ပြည်ပကုန်သွယ်ဘက်များနှင့် ပဲတီစိမ်းဝယ်ယူမှုစာချုပ်များအား ချုပ်ဆိုထားရှိပြီး အိန္ဒိယသို့ သယ်ယူပို့ဆောင်ဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ငန်းဆောင်ရွက်ဆဲအခြေအနေ၌ရှိသော ပဲတီစိမ်းများကို တင်သွင်းခွင့်မပြု ပါက အိန္ဒိယကုမ္ပဏီများအတွက် ငွေကြေးပိုင်း နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရမည်ဖြစ်သကဲ့သို့ ဈေးကွက်တွင်လည်း ကစဉ့်ကလျားဖြင့် ပုံပျက်ယွင်းမှု ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ အစိုးရအနေဖြင့် ယခုထုတ်ပြန်ခဲ့သော အမိန့်အား ပြန်လည်ရုပ်သိမ်းလျက် ဘဏ္ဍာ နှစ်ကုန်အထိ လွတ်လပ်စွာတင်သွင်းခွင့်ပြုရန် ၎င်းတို့အသင်းမှ တောင်းဆိုထားကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Centre restricts import of moong beans, 13-2-2022, Hindu Business Line

                   2. www.commodityinsightsx.com

Category: India (Delhi)