India (Delhi)

အိန္ဒိယနိုင်ငံ၌ ပဲပုတ်ဆီကြိတ်ဖတ်အား အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လျက် သိုလှောင်နိုင်ခွင့် ကန့်သတ်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၊ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနသည် ၁၉၅၅ ခုနှစ် အရေးကြီးကုန်စည်များအက်ဥပဒေကို ကျင့်သုံးလျက် ကုန်ထုတ်လုပ်မှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုလုပ်ငန်းများကို ထိန်းသိမ်းကြပ်မတ်နိုင်ရန်အလို့ငှာ ပဲပုတ်ဆီကြိတ်ဖတ်အား ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ အရေး ကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်ကြောင်း ဖော်ပြပါရှိသည့် အမိန့်ကြော်ငြာစာအမှတ် S.O. 5369(E) ကို ၂၃-၁၂-၂၀၂၁ နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ အိန္ဒိယပြည်တွင်းဈေးကွက်၌ အဓိက တိရစ္ဆာန်မွေးမြူရေးအစားအစာဖြစ်သော ပဲပုတ်ဆီကြိတ်ဖတ်၏ ဈေးနှုန်းများ ကို လျော့ချနိုင်ရန် အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ရခြင်းဖြစ်ကြောင်း၊ ယခုဆုံးဖြတ်ချက်သည် ဗဟိုအစိုးရနှင့် ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့များ အား ပဲပုတ်ဆီကြိတ်ဖတ်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကိုကြပ်မတ်ရန် အခွင့်အာဏာရရှိစေမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း ကုန်စည်ရရှိနိုင်မှုနှင့် ရောင်းဝယ်ဖောက် ကားမှုတို့ကို လွယ်ကူချောမွေ့စေမည်ဖြစ်သကဲ့သို့ သင့်တင့်မျှတမှုမရှိ သော ဈေးကွက်အလေ့အထများကိုလည်း တားဆီးနိုင်မည်ဖြစ်ကြောင်း ဖော်ပြပါသည်။

တစ်ဆက်တည်းမှာပင် အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနသည် ပဲပုတ်ဆီကြိတ်ဖတ်များ လက်ဝယ်သိုလှောင်ထားရှိနိုင်ခွင့်ပမာဏကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ အထိ ကန့်သတ်သည့် အမိန့် ( Soya Meal Stock Control Order, 2021) ကို ၂၃-၁၂-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် S.O. 5370(E) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမိန့်အရ ကြိတ်ခွဲထုတ်လုပ်/ ပြုပြင်သူများအနေဖြင့် ၎င်းတို့၏ ၁ ရက်တာ ကြိတ်ခွဲထုတ်လုပ်နိုင်မှု စွမ်းအားအပေါ် အခြေပြု၍ အများဆုံး ရက်ပေါင်း ၉၀ အတွက် သုံးစွဲရန်လိုအပ်သော ပဲပုတ်ဆီကြိတ်ဖတ်ပမာဏကိုသာ သိုလှောင်ထားရှိနိုင်မည်ဖြစ်ကြောင်း၊ အစိုးရဌာနဆိုင်ရာ၌ ကုန်သွယ်မှုလုပ်ငန်း မှတ်ပုံတင်ထားရှိသည့် ကုမ္ပဏီများ၊ ကုန်သည်များအနေဖြင့် အများဆုံးတန်ချိန် ၁၆၀ အထိ သိုလှောင်နိုင်ကြောင်း၊ လုပ်ငန်းရှင်များသည် ပဲပုတ်ဆီကြိတ်ဖတ်များအား မည်သည့်နေရာဒေသ တွင် သိုလှောင်ထားရှိသည်ကို ထုတ်ဖော်ကြေညာရမည်ဖြစ်ကြောင်း၊ အကယ်၍ မိမိလက်ဝယ်၌ ပဲပုတ်ဆီကြိတ်ဖတ်ပမာဏသည် သတ်မှတ်ပြဌာန်းချက်ထက် ပိုမို လျက်ရှိပါက စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဦးစီးဌာန၏ အင်တာနက်စင်္ကြန်ဖြစ်သော http://evegoils.nic.in/soya_meal_Stock/login သို့ ထုတ်ဖော် ကြေညာရလျက် ရက်ပေါင်း ၃၀ အတွင်း ယခုအမိန့်စာပါ ပမာဏသို့ လျော့ချသိုလှောင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ အင်တာနက်စင်္ကြန်၌ တင်ပြထားသည့် ပဲပုတ်ဆီ ကြိတ်ဖတ်သိုလှောင်မှု အချက်အလက်များကို အိန္ဒိယ တိရစ္ဆာန်မွေးမြူရေးနှင့် နို့ထွက်ပစ္စည်းဦးစီးဌာနက ပုံမှန်ကြပ်မတ်စစ်ဆေး လျက် လိုအပ်သကဲ့သို့ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရသည်။

မျိုးရိုးဗီဇ ပြုပြင်ထားခြင်းမရှိသော အိန္ဒိယ ပဲပုတ်ဆီကြိတ်ဖတ်များအပေါ် ပြည်ပမှ ဝယ်လိုအားများပြားမှုနှင့်အတူ ပဲပုတ်စေ့ဈေးနှုန်းများ မြင့်တက်လာခြင်းက ပြည်တွင်း၌ ပဲပုတ်ဆီကြိတ်ဖတ်ဈေးနှုန်းများကိုလည်း ၂၀၂၁ ခုနှစ်၊ ဧပြီလမှ ဩဂုတ်လအတွင်း ၆၀% ကျော်အထိ တစ်ဟုန်ထိုး မြင့်တက်လာစေခဲ့သည်။ မွေးမြူရေး ကဏ္ဍမှ လုပ်ငန်းရှင်များ၏ တောင်းဆိုမှုအရ အိန္ဒိယအစိုးရသည် မျိုးရိုးဗီဇ ပြုပြင်ထုတ်လုပ်ထားသည့်  ပဲပုတ်ဆီကြိတ်ဖတ် တန်ချိန် ၁.၂ သန်းကို ပြည်ပမှ တင်သွင်းခွင့်ပြုခဲ့ရာ ဒီဇင်ဘာလအထိ တန်ချိန် ၀.၈ သန်းခန့်ကိုသာ တင်သွင်းထားပြီးဖြစ်သည်။ ထိုသို့ တင်သွင်းခွင့်ပြုထားသော်လည်း ပြည်တွင်းဈေးကွက်တွင် ပဲပုတ်ဆီကြိတ် ဖတ်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ၁၇-၁၂-၂၀၂၁ နေ့ရှိ ဈေးနှုန်းမှာ ယခင်နှစ် ကာလတူထက် ၆၁% ပိုမိုလျက်ရှိသည်။ အိန္ဒိယ ပဲပုတ်ဆီ ကြိတ်ခွဲထုတ်လုပ်မှု နယ်ပယ်မှ အချက်အလက်များအရ ၂၀၂၀-၂၁ ခုနှစ်၌ ပြည်ပသို့  မျိုးရိုးဗီဇပြုပြင်ထားခြင်းမရှိသော ပဲပုတ်ဆီကြိတ်ဖတ်တန်ချိန် ၁.၅၆ သန်း တင်ပို့ခဲ့ကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Notification No. S.O. 5369(E) dated 23rd December 2021 of the Department of Food and Public Distribution of India

                     2. Order No. S.O. 5370(E) dated 23rd December 2021 of the the Department of Food and Public Distribution of India

                     3. Govt imposes stock holding limits on soymeal till June 2022 to tame prices, 25-12-2021, Business Standard

Category: India (Delhi)