India (Delhi)

အိန္ဒိယနိုင်ငံ၌ ပြည်ပကုန်သွယ်ရေးမူဝါဒအား တတိယအကြိမ် သက်တမ်းတိုးမြှင့်ခဲ့ခြင်း

Last Updated:

အိန္ဒိယနိုင်ငံတွင် ချမှတ်ဆောင်ရွက်လျက်ရှိသည့် ၂၀၁၅- ၂၀၂၀ ပြည်ပကုန်သွယ်ရေးမူဝါဒသည် ၃၁-၃-၂၀၂၀ နေ့၌ သတ်မှတ်ကာလကုန်ဆုံးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါ အကျပ်အတည်း နှင့် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ၃၁-၃-၂၀၂၁ နေ့အထိ သက်တမ်း ၁ နှစ်တိုးမြှင့်ခြင်းကို ၃၁-၃-၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ ၃၀-၉-၂၀၂၁ နေ့အထိ ဒုတိယအကြိမ် သက်တမ်း ၆ လ တိုးမြှင့်မှုကို ၃၁-၃-၂၀၂၁ နေ့၌လည်းကောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) က အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခဲ့ ကြောင်း သိရပါသည်။

ယခု DGFT ဌာနက က အမိန့်ကြော်ငြာစာအမှတ် ၃၃/ ၂၀၁၅- ၂၀၂၀ ကို ၂၈-၉-၂၀၂၁ နေ့တွင် ထုတ်ပြန်လျက် ၂၀၁၅- ၂၀၂၀ ပြည်ပကုန်သွယ်ရေးမူဝါဒအား ၃၁-၃-၂၀၂၂ နေ့အထိ နောက်ထပ်သက်တမ်း ၆ လတိုးမြှင့်လိုက်ပါသည်။ ၂၇-၉-၂၀၂၁ နေ့၌ အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအသင်းချုပ်က စီစဉ်ကျင်းပသည့် ကုန်သွယ်မှုလွယ်ကူချောမွေ့ရေ အင်တာနက်စင်္ကြန် (Trade Facilitation Portal) စတင်လွှင့်တင်ပွဲ အခမ်းအနားတွင် ပြည်ပကုန်သွယ်မှုလုပ်ငန်းများအား လက်ရှိမူဝါဒ အတိုင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကုန်အထိ ဆောင်ရွက်မည်ဖြစ်ပြီး မူဝါဒအသစ်ကို ရှေ့လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကျမှသာ စတင်ကျင့်သုံးနိုင်မည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Piyush Goyal က ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

လက်ရှိ ပြည်ပကုန်သွယ်ရေးမူဝါဒအရ အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ရပ်ဆိုင်းခဲ့ပြီးဖြစ်သည့် သက်သာခွင့်အစီအစဉ်များမှအပ အိန္ဒိယနိုင်ငံမှ ကုန်စည်တင်ပို့မှု အစီအစဉ် (MEIS) နှင့် ဝန်ဆောင်မှုပို့ကုန်အစီအစဉ် (SEIS) တို့အောက်ရှိ အခွန်သက်သာခွင့်နှင့် အစိုးရအထောက်အပံ့များကို မူဝါဒသက်တမ်းတိုးမြှင့်ထားရှိသည့် ကာလ အတွင်း ဆက်လက်ခံစားရရှိနိုင်ဖွယ်ရှိပါကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)