India (Delhi)

အိန္ဒိယနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြတင်းပေါက်တစ်ခုစနစ်အား စတင်လွှင့်တင်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ စီးပွားရေးကဏ္ဍအရပ်ရပ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရန် အာဏာပိုင်အဖွဲ့အစည်းများထံသို့ လျှောက်ထားမှုများအား ကိုင်တွယ်ဆောင်ရွက်မည့် အမျိုးသား အဆင့် တစ်ခုတည်းသော ပြတင်းပေါက်စနစ် (National Single Window System - NSWS) ကို ၂၂-၉-၂၀၂၁ နေ့၌ အင်တာနက်စင်္ကြန်ဖြင့် စတင်လွှင့်တင်ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Piyush Goyal က အဆိုပါ တစ်ခုတည်းသော ပြတင်းပေါက်စနစ် NSWS အား ယခုကဲ့သို့ စတင်လွှင့်တင်နိုင်မှုမှာ အိန္ဒိယနိုင်ငံ၏ ကိုယ်အားကိုယ်ကိုးရပ်တည်ရေး ရည်မှန်းချက်ကို အကောင်ထည်ဖော်ရာတွင် မြင့်မားစွာ ကျော်လွှားလုပ်ဆောင်ချက်တစ်ခုပင်ဖြစ်ကြောင်း၊ NSWS သည် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများအတွက် လုပ်ငန်းအတည်ပြု ခွင့်ပြုချက်ရယူခြင်းနှင့် ရှင်းလင်းဆောင်ရွက်ခြင်းတို့ကို တစ်နေရာတည်း၌ ဆောင်ရွက်ပြီးမြောက် စေမည်ဖြစ်ကြောင်း၊ လက်ရှိစင်္ကြန်စနစ်၌ ဗဟိုအဆင့်ဌာန ၁၈ ခုနှင့် ပြည်နယ် ၉ ခုတို့နှင့်သက်ဆိုင်သော စီးပွားရေးရာ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ရန် လျှောက်ထားမှု များကို ကိုင်တွယ်ရှင်းလင်းဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း၊ ထပ်မံ၍ အခြားဗဟိုအဆင့်ဌာန ၁၄ ခုနှင့် ပြည်နယ် ၅ ခုတို့နှင့်သက်ဆိုင်သော ရင်းနှီမြှုပ်နှံမှုကိစ္စရပ် များကို NSWS တွင် ထည့်သွင်းနိုင်ရန် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၌ ဒုတိယအဆင့်အဖြစ် ပါဝင်လာမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ရင်းနှီး မြှုပ်နှံမှုများ လုပ်ကိုင်ရာ၌ အိန္ဒိယနိုင်ငံသည် လိုလားဖွယ်ရာ အကောင်းဆုံးဒေသဖြစ်လာစေရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပါသည်။

အဆိုပါ NSWS ပြတင်းပေါက်တစ်ခုစနစ်တွင် ဗဟိုနှင့် ပြည်နယ်အဆင့် အာဏာပိုင်အဖွဲ့ အစည်းများ၏ လုပ်ငန်းရှင်းလင်းဆောင်ရွက်ပေးမှုအပြင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆောင်ရွက်နိုင်မည့် မြေနေရာအချက်အလက်များ၊ စီးပွားရေးလုပ်ငန်းအသစ် ထူထောင်မှုဆိုင်ရာ အကြံပြုချက်များနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ သတင်းအချက် အလက်များကို ထောက်ပံ့ပေးမည်ဖြစ်သည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါတစ်ခုတည်းသော ပြတင်းပေါက်စနစ်၌ Know Your Approval (KYA) ခေါ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွင့်ပြုချက်ရရှိရေး လုပ်ဆောင်ရမည့်အချက်များအား အသိပေးဝန်ဆောင်မှု၊ မတူညီသည့် အာဏာပိုင်အဖွဲ့အစည်းများထံသို့ စာရွက် စာတမ်းများတင်ပြရာတွင် အကြိမ်ကြိမ်ဖြည့်စွက်ဖော်ပြရမှုများအား ရှောင်ကြဉ်နိုင်မည့် ယေဘုယျအချက်အလက် မှတ်ပုံတင်ပုံစံဖြည့်စွက်မှုစနစ်၊ လျှောက်ထားသူ အတွက် သက်ဆိုင်ရာပြည်နယ်၏ Single Window သို့ အလွယ်တကူရောက်ရှိစေမည့်စနစ်၊ လျှောက်ထားသည့်ကိစ္စရပ်အတွက် ခြေရာခံမှုနှင့် လိုအပ်သည့်အချက် များအပေါ် တုန့်ပြန်ဆောင်ရွက်နိုင်မည့် Applicant dashboard စနစ်၊ လုပ်ငန်းလျှောက်ထားသူအနေဖြင့် အထောက်အထားများအား တစ်ကြိမ်ပေးပို့ရုံဖြင့် ဒီဂျစ်တယ်စင်္ကြန်၌ ၎င်းအချက်အလက်များကို သိုမှီးထားရှိလျက် အခြားသောဌာနဆိုင်ရာများထံ မှ အတည်ပြုချက်ရယူရာတွင် အသုံးပြုနိုင်မည့်စနစ်နှင့် သက်ဆိုင် ရာဌာနများနှင့် ပြည်နယ်အာဏာပိုင်များထံမှ မေးမြန်းချက်နှင့် ရှင်းလင်းချက်တောင်းခံမှုများအပေါ် တုန့်ပြန်ဆက်သွယ်နိုင်မည့် E-Communication module စနစ်တို့ကို ထည့်သွင်းထူထောင်ထားကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         National Single Window System for Investors and Businesses Launched by Shri Piyush Goyal, 22-9-2021, Press Information Bureau of India

Category: India (Delhi)