India (Delhi)

အိန္ဒိယနိုင်ငံ၌ ၁၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ကုန်သွယ်ရေးပိုငွေပြမှု ဖြစ်ပေါ်ခြင်း

Last Updated:

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ ပထမသုံးလပတ်အတွက် ပြည်ပကုန်သွယ်မှုအခြေအနေ ခန့်မှန်းချက်စာရင်းအား ၁၅.၇.၂၀၂၀ နေ့၌ ထုတ်ပြန်ခဲ့ရာတွင် ဇွန်လ ပြည်ပကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာငွေတန်ဖိုးအားဖြင့် ပို့ကုန်တန်ဖိုး၌ ၂၁.၉၁ ဘီလီယံနှင့် သွင်းကုန်တန်ဖိုးတွင် ၂၁.၁၁ ဘီလီယံကျော်ရှိရာ ၁၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကုန်သွယ်မှုပိုငွေရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

ထိုသို့ ပြည်ပကုန်သွယ်ရေးရှင်းတမ်း ပိုငွေဖြစ်ပေါ်မှုနှင့်စပ်လျဉ်း၍ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Piyush Goyal က ဝန်ကြီးချုပ်နာရင်ဒရာမိုဒီ၏ Atmanirbhar Bharat ခေါ် ကိုယ့်အားကိုယ် ကိုးရပ်တည်နိုင်ရေး ရည်မှန်းချက်အား သိမြင်နားလည်လာခြင်းက ပို့ကုန်ကဏ္ဍ၌ လျင်မြန်စွာပြောင်းလဲမှုဖြစ်ပေါ်ပြီး အိန္ဒိယအနေဖြင့် ဇွန်လ၌ ကုန်သွယ်မှုပိုငွေရရှိသည့်မှတ်တမ်းကို ရေးထိုးနိုင်ခြင်းဖြစ် ကြောင်း ၎င်း၏ တွစ်တာအင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။

သို့ရာတွင် လေ့လာဆန်းစစ်သူများကမူ ယခုကဲ့သို့သော အချိန်အခါမျိုးတွင် ပြည်ပကုန်သွယ်မှု၌ အပေါင်းလက္ခဏာပြခြင်းမှာ သတင်းကောင်းတစ်ရပ်ဟု ခေါ်ဆိုနိုင်ခြင်းမရှိကြောင်း၊ မျက်မှောက်ကာလ ကမ္ဘာ့စီးပွားရေးမှာ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်အပေါ်တွင် မူတည်နေပြီး ကုန်သွယ်မှုစီးဆင်းမှု၏  အစိတ်အပိုင်းများစွာသည်  ဆင့်ပွားဖြစ်ပေါ်လာသည့် ဝယ်လိုအား၏ မောင်းနှင်တွန်းအားပေးမှု ဖြင့် လည်ပတ်နေခြင်းဖြစ်ကြောင်း၊ ယခုကိစ္စရပ်တွင် သွင်းကုန်တန်ဖိုး ရုတ်တရက်လျော့ကျခဲ့ခြင်းမှာ ပြည်တွင်း၌ သွင်းကုန်အစားထိုးလုပ်ငန်းများ တိုးတက်လုပ်ဆောင်နိုင်မှုကြောင့် မဟုတ်ပဲ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ကျဆင်းမှုနှင့် လိုက်ဖက်ညီစွာဖြစ်ပေါ်သည့် အခြေအနေသာဖြစ်ကြောင်း ပြောဆိုလျက်ရှိကြသည်။ ကမ္ဘာ့ဘဏ်အဖွဲ့၏ WITS စာရင်းအချက်အလက်များအရ အိန္ဒိယနိုင်ငံ၌ သွင်းကုန်တန်ဖိုးစုစုပေါင်း၏ ၉၀% ခန့်သည် ကုန်ကြမ်းပစ္စည်းများနှင့် တစ်ပိုင်းတစ်စထုတ်ကုန်များ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုန်စည်များဖြစ်ကြောင်း တွေ့ရှိရပါသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏စာရင်းများအရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း ပြည်ပကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုးတွင် ၁၂.၄၁%  နှင့် သွင်းကုန် တန်ဖိုး၌ ၄၇.၅၉%  အသီးသီးလျော့ကျခဲ့ကြောင်း တွေ့ရှိရသည်။ ပို့ကုန်ကဏ္ဍတွင် ရေနံထွက်ကုန်၊ အထည်အလိပ်၊ စက်မှုအင်ဂျင်နီယာထုတ်ကုန်နှင့် ကျောက်မျက်နှင့် လက်ဝတ်ရတနာပစ္စည်းများ တင်ပို့ မှုကျဆင်းခဲ့ပြီး သွင်းကုန်ကဏ္ဍ၌ ဆေးဝါးကုန်ကြမ်းပစ္စည်းများ၊ စားသုံးဆီနှင့် ပဲမျိုးစုံတို့မှအပ ကျန်ရှိသောကုန်စည်အမျိုးအမည်များ တင်သွင်းမှုလျော့နည်းခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် အဓိကသွင်းကုန် များအနက် ရွှေတင်သွင်းမှုမှာ ၇၇.၄၂% အသီးသီးလျော့ကျလျက် တန်ဖိုးဒေါ်လာ ၆၀၈ သန်းကျော်သာ တင်သွင်းခဲ့ပြီး ရေနံထွက်ကုန်တန်ဖိုးမှာ ၅၅.၂၉% လျော့ကျလျက် ဒေါ်လာ ၄.၉၃၁ ဘီလီယံ၊ အီလက်ထရွန်းနစ်ပစ္စည်းများအား ၃၄.၀၅% လျော့နည်းလျက် ဒေါ်လာ ၃.၁၇၀ ဘီလီယံနှင့် ကျောက်မီးသွေးအား ၅၅.၇၂% လျော့ကျလျက် ဒေါ်လာ ၉၄၉ သန်း တန်ဖိုးသာ အသီးသီးတင်သွင်းခဲ့ကြောင်း တွေ့ရှိရသည်။

နိုင်ငံ၏ စီးပွားရေးနယ်ပယ်၌ လိုလားဖွယ်ရာမရှိသည့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ၏ ဝယ်လိုအားကျဆင်းမှုကြောင့် သွင်းကုန်များလျော့နည်းလျက် ပြည်ပကုန်သွယ်မှုပိုငွေရရှိခြင်းမှာ ရေရှည်တည်မြဲ မည်မဟုတ်သော်လည်း ကာလအခိုက်အတန့်တစ်ခုအထိ ဆက်လက်တည်ရှိဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်လျက်ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. June saw India make its first trade surplus in 18 years. But this isn’t good news, 17 Jul 2020, Hindustan Times

                   2. Trade balance turns surplus after 18 yrs, steep contraction in imports rings alarm bells, 15 Jul 2020, Economic Times

Category: India (Delhi)