India (Delhi)

အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲတင်သွင်းခွင့် ခွဲတမ်း သတ်မှတ်ချက် ထုတ်ပြန်ခြင်း

Last Updated:

၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှစတင်၍ ကန့် သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တန်ချိန် ၄ သိန်း သတ်မှတ်၍ တင်သွင်း ခွင့်ပြုမည် ဖြစ်ကြောင်း၊ ယခုကန့်သတ်ချက်သည် အိန္ဒိယအစိုးရ၏ နှစ်နိုင်ငံချင်း သို့မဟုတ် ဒေသဆိုင်ရာအဆင့် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာများနှင့် သက်ဆိုင်မှုမရှိကြောင်း၊ ၃.၃.၂၀၂၀ နေ့၌ ပြည်ပ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန(DGFT)မှ ကုန်သွယ်ရေးအသိပေးချက် အမှတ် ၅၄/၂၀၁၉-၂၀ ဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ် အတွက် ၃၀.၄.၂၀၂၀ နေ့အထိ အချိန်တိုးမြှင့် တင်သွင်းခွင့်ပြုထားသည့် မတ်ပဲတန်ချိန် ၂ သိန်း ၅ သောင်းအား သီးခြားဆက်လက် တင်သွင်းရန်ဖြစ်ကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း ဆောင်ရွက်သူများကသာ DGFT ဌာနမှ သတ်မှတ်သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မတ်ပဲတင်သွင်းခွင့်ခွဲတမ်း လျှောက်ထားနိုင်ကြောင်း ဖော်ပြပါရှိသည့်အမိန့်ကြော်ငြာစာအား  အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနရှိ ကူးသန်းရောင်းဝယ်ရေးဌာနက ၁၇.၃.၂၀၂၀ နေ့ တွင် ထုတ်ပြန်ခဲ့ပါသည်။

ထို့နောက် ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန(DGFT)သည် ၁၉.၃.၂၀၂၀ နေ့တွင် ကုန်သွယ်ရေးအသိပေးချက်အမှတ် ၅၆/၂၀၁၉-၂၀ နှင့် ၅၇/၂၀၁၉-၂၀ တို့ကို ထပ်ဆင့်ထုတ်ပြန်ခဲ့ ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တင်သွင်းခွင့်ပြုသည့် အဆိုပါ မတ်ပဲ တန်ချိန် ၄ သိန်းသည် ၁.၅.၂၀၂၀ နေ့မှ ၃၁.၃.၂၀၂၁ ရက်နေ့အတွင်းသာ တင်သွင်းရန် အကျုံးဝင်ကြောင်း၊ ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်မှ ၃၁ ရက်နေ့အတွင်း DGFT ၏ အင်တာနက်စာမျက်နှာမှတစ်ဆင့် ကိုတာလျောက်လွှာများ တင်သွင်းနိုင်ကြောင်း၊ မတ်ပဲ တင်သွင်းခွင့်ရရှိသည့်ကုမ္ပဏီများသည် အိန္ဒိယနိုင်ငံရှိဆိပ်ကမ်းသို့ ၃၁.၃.၂၀၂၁ နေ့ အရောက် တင်သွင်းရမည်ဖြစ်ပြီး ၎င်းမတ်ပဲများတင်သွင်းရန်  အချိန်တိုးမြှင့်တောင်းခံခြင်းကို လက်ခံဆောင်ရွက်မည် မဟုတ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Category: India (Delhi)