India (Delhi)

အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၂ ခုနှစ် ဂျုံထွက်ရှိနိုင်မှုအား အစိုးရက လျော့ချခန့်မှန်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၂ သီးနှံစိုက်ပျိုးရေးနှစ် (ဇူလိုင်-ဇွန်) အတွင်း ဂျုံစိုက်ပျိုးထုတ်လုပ်နိုင်မည့် ပမာဏအား မူလက တန်ချိန် ၁၁၁.၃၂ ရှိမည်ဟု ခန့်မှန်းထားရာမှ ယခုနှစ် နွေရာသီကာလ၌ အပူလှိုင်းကျရောက်မှုကြောင့် အဆိုပါပမာဏမှ ၅.၇% လျော့ချလျက် တန်ချိန် ၁၀၅ သန်းခန့်သာ ထွက်ရှိ နိုင်ဖွယ်ရှိကြောင်း အိန္ဒိယ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနမှ အတွင်းဝန် Mr. Sudhanshu Pandey က သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့ပါသည်။

ပြည်နယ်အချို့၌ အစိုးရ၏ အနိမ့်ဆုံးထားရှိဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်း (MSP) ထက် ဈေးကွက်ပေါက်ဈေးမြင့်မားလျက်ရှိခြင်း၊ ပြည် နယ်အချို့၌ ဂျုံအထွက်ပမာဏလျော့ကျဖွယ်ရှိခြင်း၊ တောင်သူများကလည်း ၎င်းတို့၏ထုတ်ကုန်များအား လက်ဝယ်သိုလှောင်ထားရှိသကဲ့သို့ ကုန်သည် များကလည်း ဈေးနှုန်းများ ဆက်လက်မြင့်တက်လာနိုင်ချေရှိသည်ကို မျှော်မှန်းလျက်ရှိခြင်း စသည့်အခြေအနေများအရ ၂၀၂၂-၂၃ ခုနှစ် ဈေးကွက် ရာသီကာလ (ဧပြီလမှ မတ်လထိ) အတွင်း အရန်ရိက္ခာဂျုံဝယ်ယူမှုမှာ ယခင်နှစ်အောက်လျော့ကျလျက် တန်ချိန် ၁၉.၅ သန်းခန့်သာ ဝယ်ယူရရှိနိုင် မည်ဟု အစိုးရက ခန့်မှန်းထားသည်။ ၂၀၂၀-၂၁ သီးနှံ စိုက်ပျိုး ရေးနှစ်၌ အိန္ဒိယ၏ ဂျုံစိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၁၀၉.၅၉ သန်း ထွက်ရှိခဲ့ပါသည်။ ထိုသို့ ယခင်နှစ်စိုက်ပျိုးထွက်ရှိနိုင်မှုအောက် လျော့ကျဖွယ်ရှိသော်လည်း အစိုးရအနေဖြင့် ပြည်ပသို့ ဂျုံတင်ပို့မှုကို ထိန်းချုပ်မှုပြုမည်မဟုတ်ကြောင်း၊ PMGKAY ခေါ် အစိုးရ၏ အခမဲ့စားနပ်ရိက္ခာပေးဝေရေးရာရှင်စနစ်အောက်တွင် ဂျုံအစား ဆန်တန်ချိန် ၂၂ သိန်းကို ပြည်နယ်များသို့ ဖြန့်ဖြူးပေးရန် ခွဲဝေချထားပြီးဖြစ်ကြောင်းဖြင့် အတွင်းဝန် Mr. Pandey က ပြောဆိုပါသည်။

ရုရှား-ယူကရိန်း စစ်ပွဲ၏ ကမ္ဘာ့ဂျုံဈေးကွက်အပေါ် ရိုက်ခတ်မှုက ဈေးနှုန်းများမြင့်တက်စေပြီး အိန္ဒိယနိုင်ငံ၏ ပြည်ပသို့ ဂျုံတင်ပို့မှုသည် ၂၀၀၂ ခုနှစ်၊ မတ်လ၌ ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ယခင်နှစ်ထက် ၂၇၅% တိုးတက်လျက် တန်ချိန် ၇.၈၅ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလအတွင်း အိန္ဒိယအစိုးရကထုတ်ပြန်ခဲ့သော သီးနှံထွက်ရှိနိုင်မှု ခန့်မှန်းချက်များအပေါ် အခြေပြု၍ လက်ရှိ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင်လည်း ဂျုံတန်ချိန် ၁၂ သန်းအထိ ပြည်ပတင်ပို့နိုင်မည်ဟု ကုန်သည်များက မျှော်မှန်းခဲ့ကြသည်။ ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့သော အစိုးရ၏အစီရင်ခံ မှတ်စုတစ်စောင်၌ အပူလှိုင်းကျရောက်မှုကြောင့် ဂျုံသီးနှံစေ့များ ကျုံ့ဝင်ပျက်စီးမှုသည် ၂၀% ရှိပြီး ထုတ်လုပ်မှုပမာဏသည် ၆% ခန့် လျော့ကျနိုင်မည် ဟု ဖော်ပြပါသည်။

နယူး‌ဒေလီမြို့အခြေစိုက် ကုန်သည်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ Mr. Rajesh Paharia Jain က လက်ရှိအခြေအနေမှာ အပြောင်းအလဲများစွာရှိသဖြင့် ဂျုံသီးနှံစိုက်ပျိုးထွက်ရှိနိုင်မှုမှာ မှန်းဆ၍မရနိုင်သေးကြောင်း၊ ဖေဖေဖော်ဝါရီလ၌ ပြည်ပသို့ ဂျုံတန်ချိန် ၁၂ သန်းအထိ တင်ပို့နိုင်မည်ဟု တွက်ဆခဲ့သော် လည်း ယခုအခါ တန်ချိန် ၁၀ သန်းမျှကိုသာ ခန့်မှန်းနိုင်ကြောင်းဖြင့် ပြောဆိုပါသည်။ ကုန်သည်အချို့ကမူ ယခုထက်ပိုမို၍ ထိခိုက်ဖွယ်ရှိသည်ဟု ရှုမြင် လျက်ရှိပြီး အမည်ဖော်ပြလိုခြင်းမရှိသော ကုန်သည်တစ်ဦးက ဂျုံထွက်ရှိမှုမှာ မူလခန့်မှန်းထားမှုအပေါ် ၁၀% ခန့် လျော့ကျလျက် တန်ချိန်သန်း ၁၀၀ ဝန်းကျင်သာ ထွက်ရှိနိုင်မည်ဟု ပြောဆိုကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. After five record crops, heat wave threatens India's wheat output, export plans, 3-5-2022, Economic Times

                   2. Govt revises wheat production estimate downwards to 105 mn tonnes for 2021-22 crop year, 4-5-2022, Economic Times

Category: India (Delhi)