India (Delhi)

အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၂ ခုနှစ် သီးနှံစိုက်ပျိုးထွက်ရှိနိုင်မှု ဒုတိယအကြိမ် ခန့်မှန်းချက်ထုတ်ပြန်

Last Updated:

အိန္ဒိယ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေးဝန်ကြီးဌာနသည် ၂၀၂၁-၂၂ သီးနှံစိုက်ပျိုးရေးနှစ် (ဇူလိုင်-ဇွန်) အတွက် အဓိကသီးနှံများ စိုက်ပျိုးထွက်ရှိနိုင်မည့်အခြေအနေ ဒုတိယအကြိမ်ခန့်မှန်းချက်ကို ၁၆-၂-၂၀၂၂ နေ့၌ ထုတ်ပြန်ရာတွင် တစ်နိုင်ငံ လုံး၌ ယခင်နှစ် စိုက်ပျိုးထုတ်လုပ်မှုထက် တန်ချိန် ၅.၃၂ သန်း ပိုမိုလျက် ကောက်ပဲသီးနှံများ စုစုပေါင်းတန်ချိန် ၃၁၆.၀၆ သန်းခန့် ထွက်ရှိနိုင်မည်ဖြစ်ပြီးကြောင်း ဖော်ပြခဲ့ပါသည်။ အဆိုပါပမာဏသည် ၂၀၁၆-၁၇ ခုနှစ်မှ ၂၀၂၀-၂၁ ခုနှစ်အထိ ၅ နှစ်ကာလအတွင်း ကောက်ပဲသီးနှံ ပျမ်းမျှထုတ်လုပ်နိုင်မှုထက် တန်ချိန် ၂၅.၃၅ သန်း ပိုမိုမည်ဖြစ်ပါသည်။

ယခုနှစ် မိုးသီးနှံရာသီ စိုက်ပျိုးထုတ်လုပ်မှုမှ ကောက်ပဲသီးနှံတန်ချိန် ၁၅၃.၅၄ သန်းနှင့် ဆောင်းသီးနှံစိုက်ပျိုးမှုမှ တန်ချိန် ၁၆၂.၅၃ သန်းထွက်ရှိမည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းထားရှိသည်။ သို့ဖြစ်ရာ ၂၀၂၀-၂၁ ခုနှစ် ထုတ်လုပ်မှုနှင့်နှိုင်းယှဉ်ပါက မိုးသီးနှံတွင် ၂% ခန့်နှင့် ဆောင်းသီးနှံ၌ ၁.၅% ခန့် တိုးတက်မှုရှိပြီး စုစုပေါင်းထုတ်လုပ်မှုတွင် ၁.၇% တိုးတက်မှုရရှိမည်ဖြစ်သည်။

၂၀၂၁-၂၂ ခုနှစ် ဆန်စပါးထုတ်လုပ်မှု ခန့်မှန်းချက်မှာ တန်ချိန် ၁၂၇.၉၃ သန်းဖြစ်ရာ ယခင်နှစ်ထက် ၃.၅၆ သန်းပိုမိုမည်ဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း ပျမ်းမျှ ဆန်စပါးထုတ်လုပ်နိုင်မှုထက် တန်ချိန် ၁၁.၄၉ သန်း ပိုမိုကြောင်း တွေ့ရှိရသည်။ အလားတူ ဂျုံစိုက်ပျိုးထုတ်လုပ်မှုကို ယခင်နှစ်ထက် တန်ချိန် ၁.၇၃ သန်းပိုမိုလျက် အထွက်တန်ချိန်ပေါင်း ၁၁၁.၃၂ သန်းရရှိရန် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ ယခင် ၅ နှစ်ကာလ ပျမ်းမျှ ဂျုံစိုက်ပျိုးထွက်ရှိမှုမှာ တန်ချိန် ၁၀၃.၈၈ သန်း ဖြစ်ရာ ယခုခန့်မှန်းချက်မှာ တန်ချိန် ၇.၄၄ သန်း ပိုမို တိုးတက်မည်ဖြစ်သည်။ အခြားနှံစားသီးနှံများအား တန်ချိန် ၄၉.၈၆ သန်း ထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားရာ ယခင်နှစ်ထုတ်လုပ်မှုအောက် တန်ချိန် ၁.၄၆ သန်းခန့် လျော့နည်းမည်ဖြစ်သော်လည်း ၅ နှစ် အတွင်း ပျမ်းမျှထုတ်လုပ်မှုထက် တန်ချိန် ၃.၂၈ သန်း ပိုမိုနေဦးမည်ဖြစ်သည်။

၂၀၂၁-၂၂ ခုနှစ်အတွက် ပဲမျိုးစုံထွက်ရှိနိုင်မှုအား ယခင်နှစ်ထုတ်လုပ်မှုထက် တန်ချိန် ၁.၅ သန်းပိုမိုလျက် စုစုပေါင်းတန်ချိန် ၂၆.၉၆ သန်းအထိ ထွက်ရှိမည်ဟု အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြထားသည်။ သို့ဖြစ်ရာ ၅ နှစ်အတွင်း ပျမ်းမျှ စိုက်ပျိုးထုတ်လုပ် မှုထက် ပဲမျိုးစုံတန်ချိန် ၃.၁၄ သန်း ပိုမိုတိုးတက်မှုရရှိမည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။

ပဲစင်းငုံအား ယခင်နှစ် စိုက်ပျိုးထုတ်လုပ်မှုအောက် တန်ချိန် ၀.၃၂ သန်း လျော့နည်းလျက် ယခုနှစ်တွင် တန်ချိန် ၄ သန်း ထွက်ရှိ မည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းထားသည်။ မိုးနှင့် ဆောင်းရာသီနှစ်ခုလုံးတွင် စိုက်ပျိုးလေ့ရှိသော မတ်ပဲနှင့် ပဲတီစိမ်းတို့ကို ၂၀၂၀-၂၁ ခုနှစ်၌ ထုတ်လုပ်မှုထက် တန်ချိန် ၀.၄၃ သန်းနှင့် ၀.၀၃ သန်း အသီးသီးပိုမိုလျက် ယခု ၂၀၂၁-၂၂ သီးနှံစိုက်ပျိုးရေးနှစ် တွင် တန်ချိန် ၂.၆၆ သန်းနှင့် ၃.၀၆ သန်းထွက်ရှိရန် ခန့်မှန်းထားသည်။ ဆောင်းသီးနှံအဖြစ်သာ စိုက်ပျိုးသည့် ကုလားပဲကို တန်ချိန် ၁၃.၁၂ သန်းထွက်ရှိရန်ခန့်မှန်းထားရာ ယခင်နှစ်ကထက် တန်ချိန် ၁.၂၁ သန်းပိုမိုမည်ဖြစ်သည်။ ထို့အတူ ပဲနီလေးကို လည်း ယခင်နှစ်ထက် တန်ချိန် ၀.၀၉ သန်း ပိုမိုလျက် ယခုနှစ်၌ တန်ချိန် ၁.၅၈ သန်းထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း တွေ့ရှိရ သည်။

ဆီထွက်သီးနှံ ၉ မျိုး စိုက်ပျိုးထုတ်လုပ်မှုအား ယခင်နှစ်ထက် တန်ချိန် ၁.၂ သန်းပိုမို၍ ၂၀၂၁-၂၂ ခုနှစ်၌ အထွက်ပမာဏ တန်ချိန် ၃၇.၁၅ သန်း ရရှိနိုင်ကြောင်း၊ ကြံစိုက်ပျိုးမှုမှာလည်း ယခင်နှစ်ထက် တန်ချိန် ၈.၆၄ သန်းပိုမိုပြီး စုစုပေါင်းတန်ချိန် ၄၁၄.၀၄ သန်း အထိ ထွက်ရှိနိုင်ကြောင်း၊ သို့ရာတွင် ဝါဂွမ်းထုတ်လုပ်မှုမှာ ၁၇၀ ကီလိုဂရမ်ဝင် ဘေထုပ်ပေါင်း ၃၄.၀၆ သန်းခန့်ထွက်ရှိပြီး ၂၀၂၀-၂၁ ခုနှစ် ထုတ်လုပ်မှုပမာဏအောက် ဘေထုပ် ၁.၁၈ သန်းခန့် လျော့နည်းဖွယ်ရှိကြောင်း၊ ဂုန်လျှော်စိုက်ပျိုးမှုမှာ ယခင်နှစ် ကထက် ၁၈၀ ကီလိုဂရမ်ဝင် ဘေထုပ် ၀.၂၁ သန်းပိုမိုလျက် ယခုနှစ်၌  ဘေထုပ် ၉.၅၇ သန်းခန့် ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Second Advance Estimates of Production of Major Crops for 2021-22 Released, 16-2-2022, Press Information Bureau of India

Category: India (Delhi)