India (Delhi)

အိန္ဒိယနိုင်ငံ၌ E-commerce စနစ်ဖြင့် ကုန်စည်များရောင်းချရာတွင် ပင်ရင်းနိုင်ငံဖော်ပြရန် စည်းကမ်းသတ်မှတ်မည်ဖြစ်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနရှိ စက်မှုလုပ်ငန်းမြှင့်တင်ရေး နှင့် ပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာန (DPIIT) သည် ပြည်တွင်းရှိ E-commerce platform ကုမ္ပဏီများမှ ကိုယ်စားလှယ်များအား Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတစ်ရပ်ကို ၈.၇.၂၀၂၀ နေ့၌ ကျင်းပခဲ့ရာတွင် အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေးစင်္ကြန်များပေါ်၌ လွှင့်တင်ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများ၏ ထုတ်လုပ်သည့်ပင်ရင်းနိုင်ငံအား ဖော်ပြသော ကုန်အညွှန်းအမှတ်အသားကို အသစ်တင်မည့်ကုန်စည်များအတွက် ၁.၈.၂၀၂၀ နေ့နှင့် ကုန်ပစ္စည်း အဟောင်းများအတွက် ၁.၁၀.၂၀၂၀ နေ့တို့မှ စတင်၍ ထည့်သွင်းဖော်ပြရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယအစိုးရ၏ သွင်းကုန်လျော့ချလျက် ပြည်တွင်း၌ အစားထိုးထုတ်လုပ်မှုမြှင့်တင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုတွင် တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်လျက်ရှိသည့် အဆိုပါ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အား ကုန်ထုတ်လုပ်သူများနှင့် ရောင်းချသူများပါဝင်စေလျက် ၃ လ မှ ၅လခန့် အချိန်ယူ၍ အဆင့်အလိုက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လက်ရှိကာလ၌ ဥပဒေအရ တိကျစွာတိုင်းတာမှု လုပ်ထုံးလုပ်နည်းများတွင် အင်တာနက် ကူးသန်းရောင်းဝယ်ရေးစင်္ကြန်များပေါ်၌ ကုန်စည်များရောင်းချရာတွင် ထိုသို့ပင်ရင်းနိုင်ငံဖော်ပြရန် ပြဌာန်းထားမှုမရှိသေးသဖြင့် လုပ်ငန်းစဉ်အား လျင်မြန်စွာ ပြောင်းလဲဆောင်ရွက်ရန် ဖြစ်တန်ချေမရှိကြောင်း၊ ၎င်းတို့အနေဖြင့် နည်းပညာပိုင်းအရ လိုက်ပါဆောင်ရွက်ရန်အသင့်ရှိသော်လည်း ကုန်ထုတ်လုပ်သူများ၏အခန်းကဏ္ဍက ပိုမိုအဓိကကျလျက်ရှိကြောင်း၊ ကုန်ပစ္စည်းရောင်းချသူများမှာမူ ကုန်စည်အား ထုပ်ပိုးထားရှိရာတွင် ပါရှိသည့်အချက်များကိုသာ E-commerce platform များပေါ်၌ ထပ်ဆင့်ဖော်ပြမှုပြုနိုင်ကြောင်းနှင့် ယခုကဲ့သို့ ပြောင်းလဲဆောင်ရွက် မှုမှာ လုပ်ငန်းကြီးများအတွက် သက်ရောက်မှု နည်းပါးသော်လည်း အထူးသဖြင့် Covid-19 ကြောင့် ပုံမှန်ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချရမှုနည်းပါးနေချိန်၌ Online ပေါ်တွင် တစ်ပိုင်တစ်နိုင် ရောင်း ချမှုပြုသည့် လုပ်ငန်းငယ်များမှာ အခက်အခဲများ ဖြစ်ပေါ်ဖွယ်ရှိကြောင်းဖြင့် ၎င်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် E-commerce လုပ်ငန်းများက ပြောဆိုကြပါသည်။

DPIIT ဌာနအနေဖြင့် ကုန်ပစ္စည်းထုတ်လုပ်သည့်ပင်ရင်းနိုင်ငံအား ဖော်ပြရမည့်နေ့ရက်ကို အတိအကျ သတ်မှတ်ခြင်းမပြုသေးပဲ လုပ်ငန်းရှင်များ၏ တင်ပြချက်အရ တိကျစွာတိုင်းတာမှု လုပ်ထုံးလုပ်နည်း များနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့် အိန္ဒိယစားသုံးသူရေးရာ၊ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း၊ ပင်ရင်းနိုင်ငံဖော်ပြချက်အပြင် ကုန်စည်ထုပ်ပိုးမှု၌ ထုတ်လုပ်သည့်နေ့၊ သက်တမ်းကုန်ဆုံးမည့်နေ့၊ အရေအတွက်နှင့် ကုန်ထုတ်လုပ်သူ၏ အသေးစိတ်အချက်အလက် စသည့်ဖော်ပြချက်များအား ပြန်လည်သုံးသပ်ဖွယ်ရှိကြောင်း၊ အစိုးရအနေဖြင့် လုပ်ထုံး လုပ်နည်းအသစ်အား စတင်လိုက်နာဆောင်ရွက်ရမည့် နေ့ရက်အတိအကျကို မကြာမီဆက်လက်ထုတ်ပြန်သွားဖွယ်ရှိကြောင်း စသည်ဖြင့် ဌာနဆိုင်ရာအရာရှိတစ်ဦးက ပြောကြားချက်ကို အိန္ဒိယ သတင်း ဌာနများက ဖော်ပြပါသည်။

အဆိုပါ အစည်းအဝေးသို့ အိန္ဒိယနိုင်ငံရှိ Amazon, Flipkart, Jio, Shoppers Stop, Croma, Snapdeal, Lenskart, Paytm, Grofers, Tata Cliq စသည့်အထင်ကရလုပ်ငန်းကြီးများအပါအဝင် E-commerce platform ကုမ္ပဏီပေါင်း ၃၀ မှကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ လက်ရှိကာလတွင် Amazon နှင့် Flipkart အင်တာနက်စင်္ကြန်များတွင် စာရင်းတင်ရောင်းချလျက်ရှိသည့် ကုန်စည်အမျိုးအမည်ပေါင်းမှာ သန်း ၃၀၀ ခန့်ရှိကြောင်း ၎င်း လုပ်ငန်းအသိုင်းအဝန်းမှ ပြောဆိုမှုများအရ သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Display country of origin by August 1, Govt tells ecommerce companies, 9 Jul 2020, Economic Times

                   2. Govt proposes two dates for e-commerce cos on displaying country of origin, 8 Jul 2020, Business Standard

Category: India (Delhi)