India (Delhi)

အိန္ဒိယနိုင်ငံ၏ ၂၀၂၁-၂၂ ခုနှစ် ပြည်ပပို့ကုန်တန်ဖိုး လျာထားချက်ကို ကျော်လွန်

Last Updated:

အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ကုန်စည်တင်ပို့မှုအား အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံ ရရှိရန် အစိုးရ ကလျာထားခဲ့ရာ ယခုအခါ အဆိုပါပမာဏကို ကျော်လွန်လျက် ၄၁၇.၈ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်သည် အိန္ဒိယ၏ ပြည်ပပို့ကုန် ရာဇဝင်၌ တန်ဖိုးအမြင့်မားဆုံးနှစ်အဖြစ် ရောက်ရှိခဲ့ကြောင်း၊ EDI ခေါ် အီလက်ထရွန်းနစ် အချက်အလက်ဖလှယ်သည့်စနစ်နှင့် ချိတ် ဆက်ထားခြင်းမရှိသော ပို့ကုန်သွင်းကုန်ဆိပ်ကမ်းများမှ စာရင်းများကိုပါ ထည့်သွင်းပါက ပြည်ပပို့ကုန်တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၄၁၈ ဘီလီယံ အထက်တွင် ရှိနိုင်ကြောင်း၊ ကဏ္ဍစုံမှ ပို့ကုန်တန်ဖိုးမြင့်တက်လာမှုသည် အိန္ဒိယ၏ စက်မှုကုန်ထုတ်လုပ်မှု၊ အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်များ၊ အီလက်ထရွန်းနစ်ကုန်စည်များနှင့် လယ်ယာထွက်ကုန်များ ထုတ်လုပ်မှုတိုးတက်လာသည် ကို ညွှန်ပြလျက်ရှိကြောင်း၊ ထို့အပြင် ကမ္ဘာ့နိုင်ငံအများအပြားသို့ ကုန်စည်တင်ပို့ဆောင်ရွက်နိုင်ခဲ့ပြီး အထူးသဖြင့် ဖွံဖြိုးပြီးနိုင်ငံများ သို့ တင်ပို့မှုမှာ သိသာစွာတိုးတက်မှုရရှိခဲ့ကြောင်း ဖော်ပြပါသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာန၏ စာရင်းများအရ ၂၀၂၀-၂၁ ခုနှစ်တွင် ရရှိခဲ့သော ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၁.၈ ဘီလီယံနှင့်နှိုင်းယှဉ်ပါက ၂၀၂၁-၂၂ ခုနှစ်၌ ၄၃.၁၈% တိုးတက်လာခဲ့သည်။ ၂၀၂၁-၂၂ ခုနှစ်အတွင်း အဓိကကုန်စည်အုပ်စုအလိုက် ပြည်ပတင်ပို့နိုင်မှုကို ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ရေနံထွက်ကုန်တွင် တန်ဖိုးဒေါ်လာ ၆၅ ဘီလီယံဖြင့် ၁၅၇.၀၇%၊ ဝါဂွမ်းနှင့် လက်ရက်အထည်အုပ်စု၌ တန်ဖိုးဒေါ်လာ ၁၅.၂ ဘီလီယံဖြင့် ၅၅.၁၁%၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများတွင် တန်ဖိုးဒေါ်လာ ၃၈.၉ ဘီလီယံဖြင့် ၄၉.၆၅%၊ အင်ဂျင်နီယာထုတ်ကုန်များ၌ တန်ဖိုးဒေါ်လာ ၁၁၁.၆ ဘီလီယံဖြင့် ၄၅.၅၁% နှင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် တန်ဖိုးဒေါ်လာ ၁၅.၆ ဘီလီယံဖြင့် ၄၀.၅၂% အသီးသီး တိုးတက်မှုရရှိခဲ့ကြောင်း တွေ့ရှိရသည်။ လယ်ယာနှင့် သားငါး ကဏ္ဍမှ ပို့ကုန်သည်လည်း အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံအထိ ရရှိလျက် ယခင်နှစ်ထက် ၂၀% ပိုမိုတိုးတက်ခဲ့သည်။

၂၀၂၁-၂၂ ဘဏ္ဍာနှစ်၌ ပို့ကုန်တန်ဖိုး စံချိန်တင်တိုးတက်မှုရရှိသကဲ့သို့ သွင်းကုန်ကဏ္ဍတွင်လည်း တန်ဖိုးအမေရိကန်ဒေါ်လာ ၆၁၀.၂၂၁ ဘီလီယံအထိ တင်သွင်းခဲ့ရာ ၂၀၂၀-၂၁ ခုနှစ် သွင်းကုန်တန်ဖိုးဒေါ်လာ ၃၉၄.၄၃၅ ဘီလီယံအပေါ် ၅၄.၇၁% မြင့်တက်ခဲ့ သည်။ သို့ဖြစ်ရာ ၂၀၂၁-၂၂ ခုနှစ်၌ ကုန်သွယ်မှုလိုငွေသည် အမေရိကန်‌ဒေါ်လာ ၁၉၂.၄၁ ဘီလီယံဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ် လိုငွေပြမှု ဒေါ်လာ ၁၀၂.၆၃ ဘီလီယံထက် ၈၇.၅% အထိ ပိုမိုများပြားလာကြောင်း တွေ့ရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. India overshoots export target; achieves USD 417.8 billion exports in 2021-22, 3-4-2022, Press Information Bureau of India

                   2. India's trade deficit rises 88 pc in FY22, 4-4-2022, Economic Times

Category: India (Delhi)