India (Delhi)

အိန္ဒိယနှင့် ဘူတန်တို့အကြား နယ်စပ်ကုန်သွယ်ရေး ဝင်ထွက်ဂိတ် ၇ ခုအား တရားဝင် အတည်ပြုသတ်မှတ်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံနှင့် ဘူတန်နိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို ၃-၁၁-၂၀၂၁ နေ့၌ ကျင်းပခဲ့ရာ အိန္ဒိယဘက်မှ၊ ကူးသန်းရောင်းဝယ် ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အတွင်းဝန် Mr. BVR Subrahmanyam နှင့် ဘူတန်ဘက်မှ စီးပွားရေးဝန်ကြီးဌာန၊ အတွင်းဝန် Mr. Dasho Karma Tshering တို့ ဦးဆောင်သော နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံအကြားရှိ နယ်စပ်ကုန်သွယ်ရေး ဝင်ထွက်ဂိတ် ၇ ခုအား တရားဝင်အတည်ပြု သတ်မှတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။  

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၃-၁၁-၂၀၂၁ နေ့၌ သတင်းထုတ်ပြန်ရာတွင် အဆိုပါဆွေးနွေးပွဲ၌ လက်ရှိဆောင်ရွက်နေသော ကုန်သွယ်မှု လုပ်ငန်းများနှင့် တစ်ဆင့်ခံကုန်သွယ်မှုဆိုင်ရာကိစ္စများ၊ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းမှုနှင့် ကုန်သွယ်ဆက်ဆံမှုတိုးမြှင့်ရေးကိစ္စများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုကွန်ယက်ဖြန့်ကျက်မှု တိုးမြှင့်ရေးကိစ္စများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အောက်ဖော်ပြပါ နယ်စပ်အဝင်အထွက်စခန်း ၇ ခုအား တရားဝင် အတည်ပြု လက်မှတ်ရေးထိုးသည့် စာချွန်လွှာများကို အပြန်အလှန်လဲလှယ်ခဲ့ကြောင်း ဖော်ပြထားပါသည်-

(က)   ကုန်စည်အမျိုးအမည် ကန့်သတ်ထားခြင်းမရှိသော Nagarkata Land Customs Station

(ခ)     Agartala Land Customs Station အဝင်အထွက်ဂိတ်

(ဂ)     နယ်စပ်ဖြတ်ကျော်မှုအား အာသံပြည်နယ် Dhubri မြို့မှ တစ်ဆင့်ခံ ထိန်းချုပ် သည့် Pandu port (Guwahati Steamerghat) အဝင်အထွက်ဂိတ်

(ဃ)    နယ်စပ်ဖြတ်ကျော်မှုအား အာသံပြည်နယ် Dhubri မြို့မှ တစ်ဆင့်ခံ ထိန်းချုပ် သည့် Jogighopa port အဝင်အထွက်ဂိတ်

(င)     အိန္ဒိယနိုင်ငံဘက်ခြမ်း၌ Torsha Tea Garden နှင့် ဘူတန်နိုင်ငံဘက်ခြမ်းတွင် Ahllay ဒေသတို့အား အာရှလမ်းမကြီးအမှတ် ၄၈ ဖြင့် ဆက်သွယ်မည့် Land Custom Station at Jaigaon ဂိတ်

(စ)     Kamardwisa အဝင်အထွက်ဂိတ်

(ဆ)    Birpara အဝင်အထွက်ဂိတ်

ယခုကဲ့သို့ တရားဝင်အတည်ပြုလိုက်သည့် နယ်စပ်ဂိတ်များအား ၂၀၁၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံနှင့် ဘူတန်နိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သော ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် တစ်ဆင့်ခံကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်၏ လုပ်နည်းစနစ်များ၌ ထည့်သွင်းမည်ဖြစ်ပါသည်။

အိန္ဒိယနှင့် ဘူတန် နှစ်နိုင်ငံအကြားကုန်သွယ်မှုပမာဏမှာ တိုးတက်လျက်ရှိပြီး ၂၀၁၄-၁၅ ခုနှစ်၌ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၄ သန်းသာရှိရာမှ နှစ်ဆကျော်တိုးမြင့်၍ ၂၀၂၀-၂၁ ခုနှစ်တွင် ဒေါ်လာ ၁၀၈၃ သန်းအထိ ရရှိခဲ့ကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         India-Bhutan to have seven additional entry/exit points for trade, 3-11-2021, Press Information Bureau of India

Category: India (Delhi)