India (Delhi)

အိန္ဒိယနှင့် ရုရှား နှစ်နိုင်ငံ မိတ်ဖက်ရင်းနှီးမြှုပ်နှံဆောင်ရွက်မှု တိုးမြှင့်မည်

Last Updated:

အိန္ဒိယ-ရုရှား နှစ်နိုင်ငံခေါင်းဆောင်များ၏ ၂၁ ကြိမ်မြောက် နှစ်စဉ်ညီလာခံဆွေးနွေးပွဲကို ၆-၁၂-၂၀၂၁ နေ့၌ကျင်းပရာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ နှင့်အတူ ၎င်း၏ဖိတ်ကြားချက်အရ နယူးဒေလီမြို့သို့ အလုပ်သဘောခရီး ရောက်ရှိနေသည့် ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ တက်ရောက်လျက် နှစ်နိုင်ငံ မိတ်ဖက်ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်နိုင်မည့်ကဏ္ဍများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါညီလာခံ ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းထုတ်ပြန်ရာ၌ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ် ပထမ နှစ်ဝက်အတွင်း ၃၈% တိုးတက်လာခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များသည် ၂၀၂၅ ခုနှစ်အရောက်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံအထိ ရရှိရေးအတွက် ပိုမိုကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အိန္ဒိယနှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂတို့အကြား ကုန်သွယ်မှု သဘောတူညီချက် ဖော်ဆောင်နိုင်ရေး ညှိနှိုင်းမှုများ စတင်လုပ်ဆောင်ရန် လိုအပ်လျက်ရှိမှုကိုလည်း အလေးပေးဆွေးနွေးခဲ့ကြကြောင်း၊ ဦးစားပေးကဏ္ဍစုံ၌ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ အိန္ဒိယ-ရုရှား အစိုးရကော်မရှင် (India-Russia Inter-Governmental Commission on Trade, Economic, Scientific, Technological and Cultural Cooperation) အောက်၌ နှစ်ဘက်ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်မှုကိုလည်း အသိအမှတ်ပြုခဲ့ကြကြောင်း  ဖော်ပြပါသည်။

အဆိုပါဆွေးနွေးပွဲ၌ အိန္ဒိယနိုင်ငံ၏ အရပ်ဘက်သင်္ဘောတည်ဆောက်ရေးနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်မှု၊ သံမဏိ၊ ရေနံထွက်ကုန်နှင့် ဆေးပစ္စည်း ကိရိယာများထုတ်လုပ်မှု၊ လယ်ယာထွက်ကုန် ပြုပြင်ထုတ်လုပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သတင်းအချက်အလက်နည်းပညာနှင့် ဘဏ်လုပ်ငန်း စသည့်ကဏ္ဍများတွင် ရုရှားလုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရေး အိန္ဒိယနိုင်ငံဘက်မှ ဖိတ်ခေါ်ခဲ့ကြောင်း၊ အိန္ဒိယအစိုးရက ချမှတ် ဖော်ဆောင်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရေး အစီအမံတစ်ရပ်ဖြစ်သည့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ချိတ်ဆက်အားပေးဆွဲဆောင်မှု Production-Linked Incentive (PLI) အစီအစဉ်အောက်ရှိ ကုန်ထုတ်လုပ်ငန်းကဏ္ဍ ၁၃ ခုတွင် ရုရှားကုမ္ပဏီများအနေဖြင့် ပါဝင်လုပ်ကိုင်ရန် ဝန်ကြီး ချုပ် မိုဒီကတိုက်တွန်းခဲ့ကြောင်း၊ နှစ်နိုင်ငံ အမျိုးသားငွေပေးချေမှု အခြေခံအဆောက်အအုံစနစ်အတွင်း အိန္ဒိယ RuPay ကတ်နှင့် ရုရှား MIR ကတ်တို့ကို လက်ခံအသိအမှတ်ပြုလျက် အိန္ဒိယ၏ ပေါင်းစည်းငွေပေးချေမှုစနစ် (UPI) နှင့် ရုရှား၏ လျင်မြန်စွာငွေပေးချေမှုစနစ် (FPS) တို့ကို အပြန်အလှန် ချိတ် ဆက်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် စိတ်ဝင်စားမှုရှိသည်ကို ဝန်ကြီးချုပ်မိုဒီနှင့် သမ္မတပူတင်တို့က ဖော်ပြခဲ့ကြကြောင်း၊ ဘဏ် လုပ်ငန်းအချင်းချင်းအကြား ငွေပေးချေမှု လွယ်ကူချောမွေ့စေရေး ရုရှားဗဟိုဘဏ်၏ ဘဏ္ဍာငွေကြေးဆိုင်ရာ သတင်းအချက်အလက်ပေးပို့မှုစနစ်သို့ အိန္ဒိယငွေကြေးအဖွဲ့အစည်းများက ပါဝင်ချိတ်ဆက်ဆောင်ရွက်ရန် ရုရှားနိုင်ငံဘက်မှ ဖိတ်ခေါ်ခဲ့ကြောင်း၊ စွမ်းအင်၊ ထောက်ပံ့ပို့ဆောင်မှု၊ ပင်လယ်ရေ ကြောင်း ကွန်ယက်ဆက်သွယ်မှု၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ခရီးသွားလုပ်ငန်း၊ သစ်တောထုတ်ကုန် စသည့် လုပ်ငန်းများအား ရုရှားနိုင်ငံ အရှေ့ဖျားဒေသ၌ ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများအဖြစ် ဖော်ထုတ်သတ်မှတ်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြောက်ပင်လယ်ခရီး လမ်းကြောင်း (Northern Sea route) တွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိသကဲ့သို့ နိုင်ငံတကာနေရောင်ခြည်စွမ်းအင် မဟာမိတ် အဖွဲ့ (International Solar Alliance) နှင့် သဘာဝဘေးဒဏ်တွန်းလှန်မှု အခြေခံအဆောက်အအုံ ပူးပေါင်းအဖွဲ့ (Coalition for Disaster Resilient Infrastructure) တို့တွင် ရုရှားနိုင်ငံက ပူးပေါင်းပါဝင်လာစေရေး ဆန္ဒရှိသည်ကိုလည်း ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ ညီလာခံဆွေးနွေးပွဲကျင်းပမှုနှင့်အတူ အိန္ဒိယနှင့် ရုရှား နှစ်နိုင်ငံအကြား သိပ္ပံနည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ ဉာဏပစ္စည်းပိုင်ဆိုင်မှု၊ စစ်ဘက် ရေးရာနည်းပညာ၊ ဘူမိသိပ္ပံနည်းပညာ၊ ကုန်သွယ်ရေကြောင်းဆိုင်ရာ သဘောတူညီချက်အား ပြင်ဆင်ရန် လုပ်နည်း သတ်မှတ်မှု၊ ယဉ်ကျေးမှုပွဲတော်များ ကျင်းပမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်၊ အာကာသယာဉ်လွှတ် တင်မှုနှင့် မြေပြင်အခြေခံအဆောက်အအုံတည်ဆောက်ရေး သုတေသနဆောင် ရွက်မှု၊ ရုရှားနိုင်ငံအတွင် အိန္ဒိယကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်ရေးမြေနေရာချထားမှုနှင့် ဗလာဒီဗော့စတော့မြို့၌ အိန္ဒိယကောင်စစ်ဝန်ချုပ်‌ နေအိမ် ဆောက်လုပ်မှု စသည့်နယ်ပယ်များနှင့်သက်ဆိုင်သော အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၉ စောင်ကို လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ ထို့အပြင် နှစ်နိုင်ငံရှိ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ကုမ္ပဏီလုပ်ငန်းများအကြား အီလက်ထရွန်းနစ်၊ လျှပ်စစ်စွမ်းအား၊ ရေနံထွက်ကုန်၊ သံမဏိထုတ်ကုန်၊ ကျန်းမာရေး၊ ပညာရေး၊ လူစွမ်းအားအရင်းအမြစ်နှင့် ကုန်သွယ်ရေးစသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီ ချက်များနှင့် နားလည်မှုစာချွန်လွှာ ၁၉ စောင်ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Modi, Putin push investments in shipbuilding, steel, petrochemicals to boost eco ties, 7-12-2021, Economic Times

2. India- Russia Joint Statement following the visit of the President of the Russian Federation, 6-12-2021, Ministry of External Affairs of India

 

 

Category: India (Delhi)