India (Delhi)

အိန္ဒိယနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ ဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက်လက်မှတ်ရေးထိုးခြင်း

Last Updated:

အိန္ဒိယနိုင်ငံမှ ဝန်ကြီးချုပ်နာရင်ဒရာမိုဒီနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှ အိမ်ရှေ့မင်းသား ရှိတ်မိုဟာ မက်ဘင်ဇေယက်အယ်လ်နာရန် တို့တက်ရောက်သည့် နှစ်နိုင်ငံအကြား မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညီလာခံဆွေး နွေးပွဲကို ၁၈-၂-၂၀၂၂ နေ့၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပမှုနှင့်အတူ နှစ်နိုင်ငံ ဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက် (India - UAE Comprehensive Economic Partnership Agreement) ကို အိန္ဒိယ ကူးသန်းရောင်းဝယ်ရေး နှင့်စက်မှုဝန်ကြီး ပီယွတ်ဂိုယယ် နှင့် အာရပ်စော်ဘွားများပြည်ထောင်စု စီးပွားရေးဝန်ကြီး အဘ်ဒူလာဘင်တော့အယ်လ်မာရီ တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါညီလာခံဆွေးနွေးပွဲ၌ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက နှစ်နိုင်ငံ ဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု (CEPA) လက်မှတ်ရေးထိုးနိုင်မှုအပေါ် ဝမ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့ အရေးပါသည့် သဘောတူညီချက်အား အချိန် ၃ လထက်မပိုပဲ အပြီးသတ်ညှိနှိုင်းဆောင်ရွက်နိုင်မှုမှာ မှတ်တမ်းတင်ထိုက်သည့် အချက်ဖြစ်ကြောင်း၊ သာမန်အားဖြင့် ဘက်စုံစီးပွားရေး သဘော တူညီချက်များအတွက် အပြီးသတ်ညှိနှိုင်းမှုမှာ နှစ်ကာလကြာမြင့်လေ့ရှိကြောင်း၊ ယခု CEPA သည် နှစ်နိုင်ငံအကြားရှိ ယုံကြည်မှု၊ သဘောထားအမြင်ချင်းမျှဝေမှုနှင့် လေးနက်သည့်ချစ်ကြည်ရင်းနှီးမှုတို့ကို ထင်ဟပ်လျက်ရှိကြောင်း၊ ၎င်းအနေဖြင့် ဤသဘောတူ ညီချက်သည် နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုခေတ်သစ်ကို ဆောင်ကြဉ်းလျက် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံမှ ရှေ့လာမည့် ၅ နှစ်တာကာလအတွင်း ဒေါ်လာ ၁၀၀ ဘီလီယံအထိ တိုးတက်မှုရရှိစေမည်ဟု ယုံကြည် ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

၁၉-၂-၂၀၂၂ နေ့ မွန်ဘိုင်းမြို့၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အိန္ဒိယဝန်ကြီး ပီယွတ်ဂိုယယ်က စာမျက်နှာ ၈၈၀ ပါ သဘောတူညီချက်အား ၈၈ ရက်အတွင်း အပြီးသတ်ညှိနှိုင်း၍ လက်မှတ်ရေးထိုးနိုင်မှုသည် နှစ်နိုင်ငံလုံးအတွက် ကြီးမားသည့် စွမ်းဆောင်ချက်ပင်ဖြစ်ကြောင်း၊ ၎င်း CEPA သည် ဟန်ချက်ညီပြီး သင့်တင့်မျှတမှုရှိသော ဘက်စုံစီးပွား‌ရေး သဘောတူညီချက် တစ်ရပ်ဖြစ်ကြောင်း၊ အိန္ဒိယ၏ ကုန်စည်နှင့် ဝန်ဆောင်မှုထုတ်ကုန်များ ဈေးကွက်ဝင်ရောက်မှုကို တိုးတက်ကောင်းမွန်စေမည်ဖြစ် ပြီး အိန္ဒိယနိုင်ငံသားများအတွက် ကဏ္ဍစုံ၌ အလုပ်အကိုင်ပေါင်း အနည်းဆုံး ၁၀ သိန်းကို ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် လုပ်သားအင်အားအခြေပြုသည့် အထည်အလိပ်၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ ဆေးဝါး၊ လယ်ယာထွက်ကုန် များ၊ ခြေနင်းအသုံးအဆောင်ပစ္စည်းများ၊ သားရေထည်၊ အားကစားပစ္စည်းများ၊ အင်ဂျင်နီယာထုတ်ကုန်များ၊ မော်တော်ယာဉ် အစိတ်အပိုင်းများနှင့် ပလတ်စတစ်ပစ္စည်းများအား ထုတ်လုပ်သည့်လုပ်ငန်းများသည် အကျိုးခံစားရမည်ဖြစ်ကြောင်း၊ စာချုပ် စတင်အသက်ဝင်ချိန်၌ ယူအေအီးဘက်မှ အကောက်ခွန်လိုင်းပေါင်း ၈၀% ကို သုညရာခိုင်နှုန်းအထိ လျော့ချမည်ဖြစ်ပြီး အိန္ဒိယ နိုင်ငံဘက်မှ တင်ပို့လျက်ရှိသော ကုန်စည်များ၏ ၉၀% ခန့် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၏ ကုန်သွယ်ရေးဗဟိုအချက်အချာကျမှုအရ ယခုသဘောတူညီချက်သည် အာဖရိကဒေသ၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပဒေသ များသို့ အိန္ဒိယပို့ကုန်များ၏ ဈေးကွက်ဝင်ရောက်မှုကိုလည်း အထောက်အပံ့ပြုမည်ဖြစ်ကြောင်း ပြောဆိုပါသည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါ CEPA သဘောတူညီချက်တွင် မည်သည့်ကုန်စည်အမျိုးအမည်ကိုမဆို ရုတ်တရက် သွင်းကုန်ပမာဏမြင့်တက်ခြင်းအား ကိုင်တွယ်ဖြေရှင်းရန်အတွက် နှစ်နိုင်ငံ အမြဲတမ်းအကာအကွယ်ပေးရေးစနစ်ကို ထည့်သွင်းထားကြောင်း၊ ထို့အပြင် ပို့ကုန်၏ ပင်ရင်းဒေသစည်းမျဉ်းနှင့်ပတ်သက်၍ သာမန်အားဖြင့် တင်ပို့သည့်နိုင်ငံမှ ထပ်ဆင့်တန်ဖိုးမြှင့်ပါဝင်မှုမှာ ၃၀% မှ ၃၅% အထိသာ သတ်မှတ်လေ့ရှိသော်လည်း ယခု စာချုပ်၌ ၄၀% ရှိရမည်ဟု သဘောတူသတ်မှတ်ထားကြောင်း၊ သို့ရာတွင် အချို့သော တန်ဖိုးမြင့်မားသည့်ကုန်စည်များကိုမူ ထိုကဲ့သို့ ပင်ရင်းဒေသစည်းမျဉ်းဆိုင်ရာ လိုအပ်ချက်၌ ပါဝင်ခြင်းမရှိစေပဲ ချန်လှပ်ထားရှိကြောင်း သိရှိရသည်။

ယခုလက်မှတ်ရေးထိုးခဲ့သော ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်အား စတင်အကောင်အထည်ဖော်ချိန်တွင် အိန္ဒိယ ဘက်မှ အကောက်ခွန်လိုင်းများ၏ ၆၅% ကို သွင်းကုန်အခွန် သုညရာခိုင်နှုန်းသို့ လျော့ချမည်ဖြစ်ကြောင်း၊ ထို့အပြင် ယူအေအီး နိုင်ငံထံမှ ရွှေထည်ပစ္စည်းတင်သွင်းမှုအပေါ် ၁ နှစ်လျှင် တန်ချိန် ၂၀၀ အထိကို အကောက်ခွန် ၁% ဖြင့် နှစ်စဉ်ခွင့်ပြုမည်ဖြစ် ကြောင်း၊ ရှေ့လာမည့် ၅ နှစ်အတွင်း ယူအေအီးနိုင်ငံဘက်မှ အကောက်ခွန်လိုင်းပေါင်း ၉၇% ကို ဖယ်ရှားပေးမည်ဖြစ်ပြီး အိန္ဒိယ ဘက်ကမူ ၁၀ နှစ်အတွင်း အကောက်ခွန်လိုင်းပေါင်း ၉၀% အထိကို အခွန် သုညရာခိုင်နှုန်းသို့ လျော့ချမည်ဖြစ်ကြောင်း၊ အိန္ဒိယ နိုင်ငံအနေဖြင့် နို့နှင့် နို့ထွက်ပစ္စည်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊ နှံစားသီးနှံများ၊ မော်တော်ယာဉ်နှင့် စက်အစိတ်အပိုင်းများ၊ ကျောက်မီးသွေး၊ ဆိုးဆေး၊ ဆပ်ပြာ၊ ပြုပြင်ပြီးအစားအစာ၊ ကလေးကစားစရာ၊ သဘာဝရော်ဘာ၊ မော်တော်ယာဉ်တာယာ၊ ခြေနင်း အသုံးအဆောင်၊ ပလတ်စတစ်ကုန်ချော၊ ဆေးပစ္စည်းကိရိယာနှင့် ကြေးနီ စသည်တို့အပါအဝင် အခွန်လိုင်းပေါင်း ၁၀% ကို ပြည်တွင်း စီးပွားရေးနှင့် လူမှုပတ်ဝန်းကျင်အား ထိခိုက်မှုမှကာကွယ်ရန်အတွက် ထိခိုက်လွယ်သည့်ကုန်စည်များအဖြစ် ဆက်လက် ထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်းဖြင့် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန် Mr. B V R Subrahmanyam က ၁၉-၂-၂၀၂၂ နေ့၌ သတင်းထောက်များသို့ ပြောကြားပါသည်။

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နှင့် ဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်း အပေါ် အိန္ဒိယကုန်သည်လုပ်ငန်းရှင်များက ကြိုဆိုခဲ့ကြပြီး နိုင်ငံ၏ပို့ကုန်မြှင့်တင်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောဆို လျက်ရှိကြသည်။ အိန္ဒိယနိုင်ငံ အထည်အလိပ်ပို့ကုန်မြှင့်တင်ရေးကောင်စီ (AEPC) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Narendra Goenka က ယူအေအီးနိုင်ငံ၏ အထည်အလိပ်တင်သွင်းမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၅၁၇ သန်းအနက် အိန္ဒိယမှ တင်ပို့မှုသည် ဒေါ်လာ ၁၅၁၅ သန်းဖြင့် ၄၃% အထိ ပါဝင်လျက်ရှိကြောင်း၊ ယခု သဘောတူစာချုပ်အရ အိန္ဒိယ၏ အသင့်ချုပ်ပြီး အဝတ်အထည် များအား ယူအေအီးသို့တင်ပို့ရာတွင် သွင်းကုန်အခွန် ၅% သက်သာမှုရရှိတော့မည်ဖြစ်ရာ ၎င်းဈေးကွက်၌ အိန္ဒိယထုတ်ကုန်များ၏ နေရာ ယူလွှမ်းမိုးမှုကို ကောင်းမွန်စေမည်ဖြစ်ကြောင်း၊ ထို့အပြင် ဆော်ဒီအာရေဘီးယား၊ ကူဝိတ်၊ ဘာရိန်း၊ အိုမန်နှင့် ဗြိတိန်နိုင်ငံ များ၏ ဈေးကွက်လိုအပ်ချက်ကိုလည်း ယူအေအီးသို့ တင်ပို့မှုမှတစ်ဆင့် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။ လက်ရှိကာလ၌ ယူအေအီး အထည်အလိပ်ဈေးကွက်သို့ တင်ပို့ရာတွင် ဘင်္ဂလား‌ဒေ့ရှ်နှင့် ဗီယက်နမ်နိုင်ငံတို့မှ အထည်ချုပ်လုပ်ငန်း များသည် အကောက်ခွန်သုညရာခိုင်နှုန်းဖြင့် တင်သွင်းခွင့်ရရှိထားရာ CEPA သဘောတူညီချက် စတင်သက်ရောက်ချိန်၌  အိန္ဒိယ လုပ်ငန်းရှင်များ၏ အဆိုပါနိုင်ငံများနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်မှုမှာ ခိုင်မာအားကောင်းလာမည်ဖြစ်ပါသည်။

အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအသင်းချုပ် (FIEO) ၏ ဥက္ကဋ္ဌ Mr. A Sakthivel ကလည်း ယူအေအီးနိုင်ငံတွင် အိန္ဒိယနွယ်ဖွားများ များစွာနေထိုင်လျက်ရှိမှုနှင့်အတူ ၎င်းဈေးကွက်၌ အိန္ဒိယနိုင်ငံထွက် ကောက်ပဲသီးနှံ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊ လက်ဖက် ခြောက်နှင့် ဟင်းခတ်အမွှေးအကြိုင် အစရှိသော လယ်ယာထွက်ကုန်များအား ပမာဏအများအပြား စားသုံးမှုရှိရာ ယခု နှစ်နိုင်ငံ သဘောတူစာချုပ်က လုပ်သားအင်အားအခြေပြု ဆောင်ရွက်ရသည့် အိန္ဒိယ လယ်ယာနှင့် ပြုပြင်ပြီးစားသောက်ကုန်ထုတ်လုပ်မှု ကဏ္ဍတို့ကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာမှု၊ သယ်ယူပို့ဆောင်မှုနှင့် အိုင်တီနည်းပညာနှင့် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အိန္ဒိယကုမ္ပဏီများ၏ ယူအေအီးဈေးကွက်၌ ဝန်ဆောင်မှု များသည်လည်း တိုးတက်ရရှိလာမည်ဖြစ်ကြောင်း ပြောဆိုပါသည်။

လက်ရှိကာလ၌ အိန္ဒိယနိုင်ငံသည် ပလတ်စတစ်ကုန်ကြမ်းများအား အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံခန့် နှစ်စဉ်တင်သွင်းလျက် ရှိရာ ယူ‌အေအီးထံမှ ဝယ်ယူတင်သွင်းမှုမှာ ဒေါ်လာသန်း ၈၀၀ ခန့်ရှိကြောင်း၊ CEPA စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းက အိန္ဒိယ၏ ပလတ်စတစ်အခြေခံလုပ်ငန်းကဏ္ဍ၌ အလုပ်အကိုင် ၂ သိန်းခန့် ဖန်တီးမှုနှင့်အတူ နှစ်နိုင်ငံအကြား ပလတ်စပစ္စည်းကုန်သွယ်မှုကို အဆများစွာ တိုးတက်လာစေမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများအား ဈေးနှုန်းသက်သာစွာရရှိစေခြင်းက အထူးသဖြင့် အိန္ဒိယ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများအတွက် ဈေးကွက်ဝင်ရောက်နိုင်စွမ်းမြှင့်တင်လျက် အကျိုးခံစား ရရှိစေမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ပလတ်စတစ်ကုန်ချောထုတ်ကုန်များအား ယူအေအီးဈေးကွက်သို့ အကောက်ခွန်သက်သာစွာ တင်ပို့နိုင်မှုမှတစ်ဆင့် WANA region ခေါ် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် လွတ်လပ်သော ဓနသဟာယအဖွဲ့နိုင်ငံများရှိ ဈေးကွက်များသို့လည်း တိုးချဲ့ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ရှေ့လာမည့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ခန့်တွင် အိန္ဒိယ၏ ပလတ်စတစ်ပစ္စည်း ပြည်ပတင်ပို့မှုသည် ၃၀၀% ခန့်အထိ တိုးတက်လာမည်ဟု မျှော်မှန်းရကြောင်းဖြင့် အိန္ဒိယပလတ်စတစ်ပို့ကုန် မြှင့်တင်ရေးကောင်စီမှ ဥက္ကဋ္ဌ Mr. Arvind Goenka က ပြောကြားပါသည်။

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့၏နောက်တွင် အိန္ဒိယ၏ တတိယအကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ရေနံထွက်ကုန်များ အဓိကဝယ်ယူတင်သွင်းရာ နိုင်ငံလည်းဖြစ်ပါသည်။ အိန္ဒိယနှင့် ယူအေအီး နှစ်နိုင်ငံကုန်သွယ်မှုမှာ Covid-19 ကပ်ရောဂါမတိုင်မီ ၂၀၁၉-၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံခန့်ရှိပြီး ၂၀၂၀-၂၁ ခုနှစ်တွင်မူ ဒေါ်လာ ၄၃ ဘီလီယံသို့ ကျဆင်းခဲ့ပါသည်။ သို့ရာတွင် စီးပွားရေးအခြေအနေ ပြန်လည်နာလန်ထူထောင်မှု ရှိလာသည်နှင့်အမျှ နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည်လည်း ပြန်လည်တိုးတက်လာခဲ့ရာ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်၌ ဧပြီလမှ ဒီဇင်ဘာ လအတွင်း စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံကျော် ရရှိထားပြီဖြစ်ပါသည်။ အိန္ဒိယကူးသန်းရောင်းဝယ် ရေးဌာန၏ စာရင်းများအရ အဆိုပါကာလအတွင်း ယူအေအီးနိုင်ငံနှင့် ကုန်သွယ်မှုမှာ ပို့ကုန်၌ အမေရိကန်ဒေါ်လာ ၂၀.၀၅ ဘီလီယံနှင့် သွင်းကုန်တွင် အမေရိကန် ဒေါ်လာ ၃၂.၇၁ ဘီလီယံရှိကြောင်း တွေ့ရှိရပါသည်။

နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သော ဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက်အား စတင်အကောင် အထည်ဖော်ဆောင်နိုင်ရေး ယူအေအီးနိုင်ငံဘက်၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ငန်းရပ်များကို ဆောင်ရွက်ရန်ကျန်ရှိနေပြီး ရက်ပေါင်း ၆၀ အတွင်း ပြီးစီးဖွယ်ရာရှိပါသည်။ ANI သတင်းဌာန၏ မေးမြန်းချက်အပေါ် အဆိုပါ CEPA သဘောတူညီချက်သည် ရှေ့လာမည့် မေလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်နိုင်ဖွယ်ရှိသည်ဟု အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ပီယွတ်ဂိုယယ်က ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. India and UAE sign the historic CEPA aimed at boosting goods trade to US$ 100 billion over next five years, 18-2-2022, Press Information Bureau of India

2. India UAE CEPA ushers in a new dawn, will create a minimum of 10 lakh jobs for Indian citizens, 19-2-2022, Press Information Bureau of India

3. India-UAE CEPA: Import duties on 90 per cent of Indian products to be immediately eliminated, 19-2-2022, The Hindu Business Line

4. India-UAE trade pact to boost apparel exports, employment, say exporters, 19-2-2022, Economic Times

5. India-UAE trade pact CEPA may come into effect from May 1, says Piyush Goyal, 19-2-2022, Business Today

Category: India (Delhi)