India (Delhi)

အိန္ဒိယအား ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ စောင့်ကြည့်ရမည့်နိုင်ငံအဖြစ် အမေရိကန်က စာရင်းသွင်း

Last Updated:

ဉာဏပစ္စည်းမူပိုင်ခွင့်အပေါ် အကာအကွယ်ပေးမှုနှင့်စပ်လျဉ်း၍ လုံလောက်သော အရေးယူဆောင်ရွက်မှုမရှိခြင်းနှင့် ဥပဒေအာဏာသက်ရောက်မှု နည်းပါးခြင်းတို့ကြောင့် ဦးစားပေးစောင့်ကြည့်ရမည့်နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) က အသစ်ထုတ် ပြန်လိုက်သည့်စာရင်းတွင် တရုတ်၊ ရုရှားနှင့် အခြား ၄ နိုင်ငံအပြင် အိန္ဒိယနိုင်ငံသည်လည်း ပါဝင်လာကြောင်း သိရှိရပါသည်။

အခြားသောနိုင်ငံများ၏ ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေများအရ အမေရိကန်ကုမ္ပဏီများအတွက် ကုန်သွယ်ရေးအတားအဆီးများ ဖြစ်ပေါ်စေမှုကို ခွဲခြား သတ်မှတ်ဖော်ပြထားသည့် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန၏ နှစ်စဉ် အထူးအစီရင်ခံစာအမှတ် ၃၀၁ တွင် အိန္ဒိယနိုင်ငံသည် ဉာဏပစ္စည်း မူပိုင်ခွင့်အပေါ် အကာအကွယ်ပေးမှုနှင့်ပတ်သက်၍ စိန်ခေါ်မှုအများဆုံးရှိနေသည့် စီးပွားရေးနယ်မြေဒေသများအနက် တစ်ခုအပါအဝင်အဖြစ် ဆက် လက်တည်ရှိနေကြောင်း၊ အိန္ဒိယ၏ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေအာဏာသက်ရောက်စေရေး ဆောင်ရွက်မှုများမှာ လုံလောက်မှုမရှိကြောင်း၊ အိန္ဒိယ၏ ပုဂ္ဂိုလ်ရေးအချက်အလက် အကာအကွယ်ပေးမှုဥပဒေမူကြမ်းနှင့် ပုဂ္ဂိုလ်ရေးမဟုတ်သော အချက်အလက်များ အုပ်ချုပ်မှုဆိုင်ရာ မူဘောင် မူကြမ်း တို့သည် တီထွင်ဆန်းသစ်မှုနှင့် စီးပွားရေးတိုးတက်မှုတို့အပေါ် ခြိမ်းခြောက်မည့် အလားအလာများရှိသော အစပြုဆောင်ရွက်သည့် နမူနာများဖြစ် ကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာ့ဉာဏပစ္စည်းပိုင်ဆိုင်မှုအဖွဲ့အစည်း (WIPO) ၌ပါဝင်လျက် မူပိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း အိန္ဒိယမူပိုင်ခွင့်အက်ဥပ‌ဒေအောက်ရှိ ကျဉ်းမြောင်းသော မူပိုင်ခွင့်ဆိုင်ရာသတ်မှတ်ချက်များ၊ မူပိုင်ခွင့်သည် တရားဝင် ကြောင်း သက်သေပြရန်လိုအပ်ချက်နှင့် မူပိုင်ခွင့်အား ရုတ်သိမ်းခြင်းခံရနိုင်သည့် အလားအလာရှိသော ခြိမ်းခြောက်မှုများက ကဏ္ဍစုံရှိ ကုမ္ပဏီလုပ်ငန်း များအပေါ် သက်ရောက်မှုရှိကြောင်း၊ အိန္ဒိယအနေဖြင့် နည်းပညာရပ်များရယူမှုကိုမြှင့်တင်ရန် နည်းလမ်းတစ်ရပ်အဖြစ် ဉာဏပစ္စည်းပိုင်ဆိုင်မှု အကာအကွယ်ပေးခြင်းကို အကန့်အသတ်ဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း ဆေးပစ္စည်းကိရိယာများ၊ ဆေးဝါးများ၊ သတင်းအချက်အလက်နည်း ပညာထုတ်ကုန်များ၊ နေရောင်ခြည်စွမ်းအင်သုံးကိရိယာများကဲ့သို့သော ဉာဏပစ္စည်းအသုံးပြုလျက် ထုတ်လုပ်ထားသည့် ကုန်စည်များအပေါ် အကောက်ခွန်နှုန်း မြင့်မားစွာချမှတ်ထားဆဲဖြစ်ကြောင်းဖြင့်  USTR က ဖော်ပြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         USTR places India on priority watch list, again, 28-4-2022, Economic Times

Category: India (Delhi)