India (Delhi)

အိန္ဒိယ၏ လယ်ယာပို့ကုန်များ တင်သွင်းခွင့်အား အင်ဒိုနီးရှားအစိုးရက ဆိုင်းငံ့ထားခြင်း

Last Updated:

အစားအစာများ၏ ဘေးအန္တရာယ်ကင်းရှင်းမှုကို စမ်းသပ်စစ်ဆေးလျက် ဓာတ်ခွဲစမ်းသပ်တွေ့ရှိချက် သက်သေခံလက်မှတ် (Certificate of Analysis- COA) ထုတ်ပေးသော ဓာတ်ခွဲခန်းများအား မှတ်ပုံတင်ရန်ပျက်ကွက်မှုကြောင့် အင်ဒိုနီးရှား စိုက်ပျိုးရေး ဝန်ကြီးဌာနသည် နိုင်ငံအတွင်းသို့ အိန္ဒိယ၏ လယ်ယာပို့ကုန်များ တင်သွင်းခွင့်ကို ဆိုင်းငံ့ထားကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနက စိုက်ပျိုးရေးထုတ်ကုန်များ သီးသန့်ခွဲခြားရေး ဗဟိုဌာနများသို့ ညွှန်ကြားချက်ထုတ်ပြန်ရာ တွင် ၂၀၁၉ ခုနှစ်မှ စတင်အတည်ပြုခဲ့သည့် အိန္ဒိယ လယ်ယာထွက်ကုန်များအတွက် ထုတ်ပေးသော ပင်ရင်းနိုင်ငံ၏ ဓာတ်ခွဲစမ်း သပ်မှု COA လက်မှတ်များသည် ၂၄-၃-၂၀၂၂ နေ့နှင့် ၎င်းနေ့မတိုင်မီ ကာလအတွက်သာ တရားဝင်မှုရှိကြောင်းနှင့် မတ်လ ၂၅ ရက်နေ့မှစတင်၍ အသိအမှတ်ပြုမှုမရှိပဲ ပျက်ပြယ်ကြောင်း ဖော်ပြခဲ့ပါသည်။

အင်ဒိုနီးရှားအစိုးရက အဆိုပါအမိန့်စာအား အိန္ဒိယကုန်သည်များထံသို့လည်း ဖြန့်ဝေပေးပို့လျက် COA လက်မှတ်ဆိုင်ရာ အခြား သောအချက်အလက်များကို ထောက်ပံ့ပေးရန် အသိပေးခဲ့သည်။ အိန္ဒိယလယ်ယာထွက်ကုန်တင်ပို့မှု လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. M Madan Prakash က အိန္ဒိယ၏ လယ်ယာပို့ကုန်များအတွက် ဓာတ်ခွဲစမ်းသပ်မှုအေဂျင်စီလုပ်ငန်း ၁၅ ခုမှ ထုတ်ပေးသော COA လက်မှတ်များကို အင်ဒိုနီးရှားနိုင်ငံဘက်မှ လက်ခံခြင်းမပြုဘဲ ဆိုင်းငံ့ထားသည်ဟု ကြားသိရကြောင်း ပြောဆိုပါသည်။ 

အင်ဒိုနီးရှားအစိုးရသည် လွန်ခဲ့သော ၃-၄ လခန့်ကပင် COA လက်မှတ်ထုတ်ပေးမှုဆိုင်ရာ အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထား ခဲ့ကြောင်း၊ ဗီယက်နမ်နှင့် ထိုင်းတို့ကဲ့သို့သော နိုင်ငံများသည် ၎င်းတို့၏ COA လက်မှတ်ထုတ်ပေးသော ဓာတ်ခွဲခန်းများကို အင်ဒိုနီး ရှားနိုင်ငံရှိ သက်ဆိုင်ရာဌာန၌ ကြိုတင်၍ မှတ်ပုံတင်ဆောင်ရွက်ခဲ့ကြကြောင်း၊ သို့ရာတွင် အိန္ဒိယအာဏာပိုင်များကမူ သတ်မှတ် နေ့ရက်အမီ ဆောင်ရွက်နိုင်မှုမရှိခဲ့ကြောင်း၊ ထိုကဲ့သို့ မှတ်ပုံတင်လျှောက်ထားမှုကို သံတမန်နည်းလမ်းမှတစ်ဆင့် ဆောင်ရွက်ရ ခြင်းဖြစ်ပြီး ဂျကာတာမြို့ရှိ အိန္ဒိယသံရုံးအနေဖြင့် အချိန်မီဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း၊ အိန္ဒိယမှ အင်ဒိုနီးရှားဆိပ်ကမ်း များသို့ လယ်ယာထွက်ကုန်များတင်ပို့သည့် ကုန်သင်္ဘောများစွာသည် လမ်းခုလတ်တွင်ရှိနေပြီး တားမြစ်ပိတ်ပင်မှု သို့မဟုတ် ဆိုင်းငံ့ထားရှိမှုနှင့် ကြုံတွေ့ရသည့်အခြေအနေရှိကြောင်းဖြင့် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်တစ်ဦး၏ ပြောဆိုချက်ကို Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယအာဏာပိုင်များသည် ဓာတ်ခွဲခန်းများ မှတ်ပုံတင်ရမည့် နောက်ဆုံးနေ့ရက်ဖြစ်သော မတ်လ ၂၅ ရက်နေ့ကို ကျော်လွန် လျက် မတ်လ ၃၁ ရက်နေ့ကျမှသာ လျှောက်လွှာများတင်သွင်းနိုင်ခဲ့ရာ အိန္ဒိယပို့ကုန်များအတွက် မတိုးသာမဆုတ်သာ အနေ အထားဖြစ်ကြောင်း၊ အစိုးရဌာနဆိုင်ရာ အရင်းအမြစ်များကမူ သင်္ဘောတင်ရှင်းလင်းမှုဆိုင်ရာ အချက်အလက်များနှင့်အတူ အိန္ဒိယ ဓာတ်ခွဲခန်းများ၏ မှတ်ပုံတင်သက်တမ်းတိုးမြှင့်ရေးကိစ္စရပ်အား သတ်မှတ်ကာလမစေ့ရောက်မီကပင် အိန္ဒိယသံရုံးမှတစ်ဆင့် အင်ဒိုနီးရှားအာဏာပိုင်များထံ ပေးပို့ထားပြီးဖြစ်သည်ဟု ဖြေကြားကြောင်း၊ ယခုကိစ္စရပ်အား ဂျကာတာ၌ ဆက်လက်ဆောင်ရွက် လျက်ရှိပြီး မကြာမီကာလအတွင်း ဖြေရှင်းနိုင်မည်ဖြစ်သည်ဟု အမည်ဖော်ပြလိုခြင်းမရှိသော အစိုးရအရာရှိတစ်ဦးက ပြောဆို ကြောင်းဖြင့် အဆိုပါသတင်းဌာနက ဖော်ပြပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယမှ သကြား၊ ဂျုံ၊ ဆန်၊ ပြောင်း၊ ငရုတ်၊ ကြက်သွန်နီနှင့် မြေပဲ စသည့်လယ်ယာထွက်ကုန်များကို တင်သွင်းလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၌ ကုန်ဆုံးသည့် သကြားတင်ပို့သည့် ရာသီကာလတွင် အိန္ဒိယ ၏သကြား ပြည်ပတင်ပို့မှုစုစုပေါင်း၏ ၃၀% ခန့်သည် အင်ဒိုနီးရှားဈေးကွက်သို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ အလားတူ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလအထိ အိန္ဒိယ၏ ပြည်ပသို့ မြေပဲတင်ပို့မှု တန်ချိန်စုစုပေါင်း ၄.၄၁ သိန်းမှ ၅၀% ခန့်မှာ အင်ဒိုနီးရှားသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင်လည်း ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ အားသာချက်များအရ အိန္ဒိယလယ်ယာပို့ကုန်များ၏ ဈေး နှုန်းများသည် ယှဉ်ပြိုင်နိုင်စွမ်း ကောင်းမွန်လျက်ရှိရာ အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ကုန်စည်များ တင်ပို့ရာ၌ နှောင့်နှေးမှုဖြစ်စေမည့် လက်ရှိအခြေအနေအပေါ် စိုးရိမ်မကင်းဖြစ်လျက် ရှိကြသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Indonesia suspends agri imports from India, 6-4-2022, The Hindu Business Line

 

Category: India (Delhi)