India (Delhi)

အိန္ဒိယ-ဗြိတိန် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် စေ့စပ်ညှိနှိုင်းမှုများ စတင်

Last Updated:

နယူးဒေလီမြို့သို့ ရောက်ရှိနေသော ဗြိတိန်နိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီး Ms. Anne-Marie Trevelyan အား အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Piyush Goyal က ၁၃-၁-၂၀၂၂ နေ့၌ လက်ခံတွေ့ဆုံခဲ့ပြီးနောက် အိန္ဒိယနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြား လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုး နိုင်ရေး စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ကြေညာချက်တွင် ၂၀၂၁ ခုနှစ်၊ မေလ၌ နှစ်နိုင်ငံဝန်ကြီးချုပ်များ ထုတ်ဖော်ကြေညာခဲ့သော ၂၀၃၀ လမ်းပြမြေပုံ၏ တစ်စိတ်တစ်ဒေသအား အကောင်အထည် ဖော်မှုအဖြစ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုကို ၂၀၃၀ ပြည့်နှစ်အရောက်တွင် ၂ ဆ တိုးမြှင့်ရန် သဘောတူညီခဲ့ကြကြောင်း၊ နှစ်နိုင်ငံလုံးတွင် အလုပ်အကိုင်ဖန်တီးမှု၊ စီးပွားရေးလုပ်ဆောင်မှုနှင့် လူမှုပတ်ဝန်းကျင်တို့ကို အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ရရေး ရှာဖွေကြိုးပမ်းမည်ဖြစ် ကြောင်း၊ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ရရှိရန် ညှိနှိုင်းဆောင်ရွက်စဉ်ကာလအတွင်း နှစ်ဘက်အကျိုးဖြစ်စေမည့် ကြားကာလသဘောတူညီ ချက်တစ်ရပ်အား လက်မှတ်ရေးထိုးဆောင်ရွက်ရန် နှစ်နိုင်ငံအစိုးရများက စဉ်းစားထားရှိကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်ဆက်ဆံမှု တိုးတက်စေရေးနှင့် ကုန်သွယ်မှု သဘောတူညီချက်၌ ပါဝင်ခြင်းမရှိသော ဈေးကွက်ဝင်ရောက်မှု အတားအဆီးများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းပွဲများ ကျင်းပမှုနှင့်အတူ အိန္ဒိယ- ဗြိတိန် စီးပွားရေးနှင့် ကုန်သွယ်ရေးကော်မတီ၏ လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယဘက်မှ ကူးသန်းရောင်းဝယ်ရေး ဌာန၊ တွဲဖက်အတွင်းဝန် Ms. Nidhi Mani Tripathi နှင့် ဗြိတိန်ဘက်မှ နိုင်ငံတကာကုန်သွယ်မှုဌာန၊ ညွှန်ကြားရေးမှူး Mr. Harjinder Kang တို့ ဦးဆောင်သော နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့များ၏ ပထမအကျော့စေ့စပ်ညှိနှိုင်းပွဲကို ၁၇-၁-၂၀၂၂ နေ့မှ စတင်ဆောင်ရွက်မည်ဖြစ်ပြီး နောင်လာမည့်ဆွေးနွေးပွဲများကို ရက်သတ္တ ၅ ပတ်လျှင် ၁ ကြိမ် ကျင်းပမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဗြိတိန်ဝန်ကြီး Ms. Anne-Marie Trevelyan က နှစ်ဘက်ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုများအား ယခုနှစ်ကုန် သို့မဟုတ် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီးသတ်နိုင် လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ အိန္ဒိယဘက်မှ အကောက်ခွန်ဆိုင်ရာ အတားအဆီးများကို လျော့ချပေးနိုင်ရန် ဗြိတိန် စီးပွားရေးလုပ်ငန်းရှင်များက စိတ်အားထက် သန်မှုရှိကြောင်းဖြင့် ပြောဆိုပါသည်။ အိန္ဒိယဝန်ကြီး Mr. Piyush Goyal ကလည်း ယခု လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်လက်မှတ် ရေးထိုးနိုင်ရေး ဆောင် ရွက်မှုသည် သားရေထည်၊ အထည်အလိပ်များ၊ လက်ဝတ်ရတနာများနှင့် ပြုပြင်ထုတ်လုပ်ထားသော လယ်ယာထွက်ကုန်များအပါအဝင် နယ်ပယ်စုံမှ အိန္ဒိယ၏ပို့ကုန် များကို ဗြိတိန် ဈေးကွက်သို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားပါသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်၌ အိန္ဒိယ၏ ဗြိတိန်သို့ ကုန်စည်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၈.၁၅ ဘီလီယံရှိပြီး အထည်အလိပ်၊ လက်ဝတ်ရတနာ၊ အင်ဂျင်နီယာလုပ်ငန်းသုံး ကုန်စည်၊ ရေနံထွက်ကုန်၊ သယ်ယူပို့ဆောင်ရေးကိရိယာများ၊ ဟင်းခတ်အမွှေးအကြိုင်၊ ဆေးပစ္စည်းများနှင့် ရေထွက်ကုန်တို့မှာ အဓိကပို့ကုန်များဖြစ်သည်။ အဆိုပါနှစ်၌ ဗြိတိန်နိုင်ငံထံမှ သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၄.၉၅ ဘီလီယံရှိပြီး တန်ဖိုးကြီးကျောက်မျက်များ၊ သတ္တုတွင်းထွက်များ၊ အင်ဂျင်နီယာလုပ်ငန်းသုံး ကုန်စည်များ၊ ဓာတုပစ္စည်းများနှင့် စက်ကိရိယာများကို အဓိကတင်သွင်းသည်။ ဗြိတိန်နိုင်ငံသည် ဥရောပဒေသတွင် အိန္ဒိယ၏ အိုင်တီဝန်ဆောင်မှုထုတ်ကုန်များ တင်ပို့ရာ အကြီးမား ဆုံး ဈေးကွက်ဖြစ်သည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဌာန အတွင်းဝန် Mr. B V R Subrahmanyam က နှစ်နိုင်ငံအကြား လက်ရှိကုန်စည်ကုန်သွယ်မှုမှာ ဒေါ်လာ ၁၅ ဘီလီယံနှင့် ဝန်ဆောင် ကုန်သွယ်မှု ဒေါ်လာ ၃၅ ဘီလီယံ၊ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၅၀ ဘီလီယံခန့်ရှိကြောင်း၊ ၁၀ နှစ်တာကာလအတွင်း ကုန်သွယ်မှု ၂ ဆတိုးလျက် ဒေါ်လာ ဘီလီယံ ၁၀၀ အထိရရှိရန် ရည်မှန်းထားကြောင်း ပြောဆိုပါသည်။ ယခုကဲ့သို့ စေ့စပ်ညှိနှိုင်းမှုမှ ကနဦးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ကြားကာလ သဘော တူညီချက် (Interim Agreement) ကို လာမည့်ဧပြီလ အီစတာပွဲတော်ရာသီ ကာလခန့်တွင် လက်မှတ်ရေးထိုးနိုင်ရန် နှစ်နိုင်ငံအစိုးရများက မျှော်မှန်းလျက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. India-UK Joint Media Statement on Launch of FTA Negotiations, 13-1-2022, Press Information Bureau of India

                   2. Want to bring together mutually beneficial FTA for India, Britain: UK Minister, 14-1-2022, Economic Times

Category: India (Delhi)