India (Delhi)

အိန္ဒိယ-ဩစတေးလျ နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုး

Last Updated:

အိန္ဒိယနှင့် ဩစတေးလျ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုသဘောတူညီချက် (Economic Cooperation and Trade Agreement- ECTA) ကို ၂-၄-၂၀၂၂ နေ့တွင် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး ပီယွတ်ဂိုယယ်နှင့် ဩစတေးလျ ကုန်သွယ်မှု၊ ခရီးသွားလာမှုနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဒန်တယ်ဟန်တို့က ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ နှစ်နိုင်ငံ ဝန်ကြီးချုပ်များ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့သော အဆိုပါသဘောတူညီချက်သည် ကုန်စည်ကုန်သွယ်မှု၊ ဝန်ဆောင်ကုန်သွယ်မှု၊ ပင်ရင်းနိုင်ငံစည်းမျဉ်း၊ ကုန်သွယ်မှုဆိုင်ရာ နည်းပညာအတားအဆီးများ၊ အပင်နှင့် တိရစ္ဆာန်ကျန်းမာရေးနှင့် ရောဂါပိုးမွှားကာကွယ်ရေး ဆောင်ရွက်မှုများ၊ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာများ၊ လူပုဂ္ဂိုလ်များ ဝင်ထွက်သွားလာမှု၊ တယ်လီကွန်ဆက်သွယ်မှု၊ အကောက်ခွန်လုပ်နည်းစနစ် များ၊ ဆေးပစ္စည်းကိရိယာများနှင့် အခြားသောပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းနယ်ပယ်များကို လွှမ်းခြုံမှုရှိမည်ဖြစ်ကြောင်း သိရှိရ သည်။

အဆိုပါ သဘောတူညီချက်အား စတင်အကောင်အထည်ဖော်ချိန်တွင် ဩစတေးလျနိုင်ငံ ဘက်မှ အကောက်ခွန်လိုင်းများ၏ ၉၈% ကို သွင်းကုန်အခွန်သုညရာခိုင်နှုန်းသို့ လျော့ချပေးမည်ဖြစ်ရာ အိန္ဒိယပို့ကုန်တန်ဖိုးစုစုပေါင်း၏ ၉၆.၄% ခန့်သည် လက်ငင်းအကျိုး ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ လက်ရှိကာလ၌ အိန္ဒိယမှ ဩစတေးလျသို့ တင်ပို့လျက်ရှိသော လုပ်သားအင်အားအခြေပြု ထုတ်ကုန် များဖြစ်သည့် အထည်အလိပ်၊ သားရေထည်၊ ခြေနင်းအသုံးအဆောင်များ၊ ပရိဘောဂနှင့် အားကစားပစ္စည်း၊ လက်ဝတ်ရတနာ၊ အချို့သောဆေးနှင့် ဆေးပစ္စည်းများ၊ အနည်းငယ်မျှသော လယ်ယာနှင့် ရေထွက်ကုန်စည်များသည် သွင်းကုန်အခွန် ၄% မှ ၅% ခန့် ပေးဆောင်ရလျက်ရှိသည်။ အိန္ဒိယပို့ကုန်တန်ဖိုး၏ ၃.၆% ရှိသော ကျန်ရှိသည့် အကောက်ခွန်လိုင်း ၁၁၃ ခုကိုမူ ၅ နှစ်ကာလ အတွင်း အဆင့်အလိုက် သုညရာခိုင်နှုန်းအထိ ဩစတေးလျနိုင်ငံဘက်မှ လျော့ချသွားမည်ဖြစ်သည်။

အခြားတစ်ဘက်တွင် ဩစတေးလျနိုင်ငံထံမှ တင်သွင်းသည့် သိုးမွှေးအထည်၊ သိုးသား၊ ကျောက်မီးသွေး၊ အလူမီနီယံ၊ သတ္တုတွင်း ထွက်များအပါအဝင် ကုန်ကြမ်းနှင့် အလယ်အလတ်အဆင့် ကုန်ချောများအား လွှမ်းခြုံမည့် အကောက်ခွန်လိုင်း ၇၀% ကို အခွန် သုညရာခိုင်နှုန်းအထိ အိန္ဒိယနိုင်ငံဘက်မှ လျော့ချပေးမည်ဖြစ်သည်။ သို့ဖြစ်ရာ ဩစတေးလျလုပ်ငန်းရှင်များအနေဖြင့် လက်ရှိ အိန္ဒိယသို့ တင်ပို့လျက်ရှိသော စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၈၅% ခန့်အား အခွန်သက်သာခွင့် လက်ငင်းရရှိမည်ဖြစ်သည်။ ထောပတ် သီး၊ ကြက်သွန်နီ၊ ချယ်ရီသီး၊ ဘယ်ရီသီး၊ မက္ကဒေးမီးယား၊ သီဟိုဠ်‌စေ့ အစရှိသော ကုန်စည်များ၏ အကောက်ခွန်နှုန်းများကို ၁၀ နှစ်အတွင်း အိန္ဒိယဘက်မှ ဆက်လက်လျော့ချပေးမည်ဖြစ်သည်။ ဩစတေးလျဝိုင်အရက်များအပေါ် အခွန်သုညရာခိုင်နှုန်းအထိ လျော့ချရန်မရှိသော်လည်း အတိုင်းအတာတစ်ခုအထိ အခွန်လျော့ချပေးမည်ဖြစ်သည်။

ဝန်ဆောင်ကုန်သွယ်မှုတွင် သတင်းအချက်အလက်နည်းပညာ၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုများ လွှမ်းခြုံပါဝင်မည့် ကဏ္ဍခွဲ ၁၃၅ ခုနှင့် အထူးအခွင့်အရေးပေး MFN နိုင်ငံစာရင်းပါကဏ္ဍခွဲ ၁၂၀ ခုတို့၌ သက်သာခွင့်များအား ဩစတေးလျနိုင်ငံဘက်မှ အိန္ဒိယလုပ်ငန်းရှင်များသို့ ပေးအပ်မည်ဖြစ်သည်။ ယခုသဘောတူညီချက်အရ နှစ်နိုင်ငံအကြား အသက် မွေးဝမ်းကျောင်းပညာကျွမ်းကျင်မှု၊ လိုင်စင်ထုတ်ပေးမှုနှင့် မှတ်ပုံလုပ်ငန်းစဉ်ဆောင်ရွက်မှုများကို အပြန်အလှန် အသိအမှတ်ပြု သည့်စနစ်ဖြင့် အိန္ဒိယကျောင်းသားများအနေဖြင့် ၂ နှစ်မှ ၄ နှစ်အထိ သက်တမ်းရှိသော အလုပ်နှင့်တွဲလျက် ပညာသင်ဗီဇာကို ရရှိ နိုင်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံဘက်ကမူ စီးပွားရေး၊ ဆက်သွယ်ရေး၊ တည်ဆောက်ရေးနှင့် အင်ဂျင်နီယာပညာဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအား လွှမ်းခြုံမှုရှိမည့် ကဏ္ဍခွဲ ၁၀၃ ခုနှင့် အထူးအခွင့်အရေးပေး MFN နိုင်ငံစာရင်းပါ ကဏ္ဍခွဲ ၃၁ ခု တို့အတွက် ဩစတေးလျလုပ်ငန်းရှင်များ၏ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်မှုအပေါ် သက်သာခွင့်များ ပေးအပ်မည်ဖြစ်သည်။

အိန္ဒိယနှင့် ဩစတေးလျ နှစ်နိုင်ငံအကြား လွတ်လပ်စွာကုန်သွယ်မှုပြုရန် ညှိနှိုင်းဆွေးနွေးမှုများမှာ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သော် လည်း ဩစတေးလျ၏ နို့နှင့် နို့ထွက်ပစ္စည်းများအား အိန္ဒိယဈေးကွက်သို့ ဝင်ရောက်ခွင့်ပြုရေးနှင့် အိန္ဒိယကျွမ်းကျင်ပညာရှင်များ အား ဩစတေးလျနိုင်ငံသို့ ပြည်ဝင်ဗီဇာလျော့ပေါ့ပေးရေးကိစ္စရပ်များတွင် စေ့စပ်ညှိနှိုင်းနိုင်မှုမရရှိပဲ ဆွေးနွေးပွဲများအား ၂၀၁၅ ခုနှစ်၌ ရပ်ဆိုင်းထားခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နှစ်ဘက်ဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့ ပြီး ၆ လခန့်အကြာ၌ ECTA သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏ နို့ထွက်ပစ္စည်းလုပ်ငန်းကဏ္ဍအား ယခု လွတ်လပ်စွာကုန်သွယ်မှုစာချုပ်ရှိ မည်သည့်အခွန်လျော့ချမှု အစီအစဉ်တွင်မျှ ပါဝင်ခြင်းမရှိစေရန် အပြည့်အဝကာကွယ်ထားရှိပြီး ကုလားပဲ၊ သစ်ကြားသီး၊ ပစ်စတာချိုသစ်ဆိမ့်သီး၊ ဆန်၊ ဂျုံ၊ ပုလဲနှံစားပြောင်း၊ ပန်းသီး၊ နေကြာဆီ၊ သကြား စသည့် လယ်ယာထွက်ကုန်များကိုလည်း အထိခိုက်မခံသော အရေးကြီးကုန်စည် စာရင်း၌ ထည့်သွင်းလျက် ချန်လှပ်ထားရှိကြောင်း သိရှိရသည်။ အခွန်လျော့ချပေးမည်မဟုတ်သော ၎င်းစာရင်း၌ပါဝင်သည့် အခြား ကုန်စည်များမှာ ငွေ၊ ပလက်တီနမ်၊ လက်ဝတ်ရတနာ၊ သံသတ္တုရိုင်းနှင့် ဆေးပစ္စည်းကိရိယာများ ဖြစ်ကြသည်။

ECTA စာချုပ်အား ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အဆင့်သို့ တိုးမြှင့်နိုင်ရေး ယခုလက်မှတ်ရေးထိုးပြီး ချိန်မှ ၇၅ ရက်အတွင်း နှစ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များပါဝင်သည့် ဆပ်ကော်မတီအားဖွဲ့စည်းလျက် စာချုပ်၌ပါဝင်ခြင်း မရှိ သေးသော ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ဈေးကွက်ဝင်ရောက်မှုကိစ္စများ၊ ဒီဂျစ်တယ်ကုန်သွယ်မှုလုပ်ငန်းများနှင့် အစိုးရ၏ ဝယ်ယူရေး လုပ်ငန်းဆောင်ရွက်မှုများကို ဆက်လက်ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း၊ ထိုသို့ ညှိနှိုင်းသဘောတူညီချက်ရရှိပါက အိန္ဒိယကုမ္ပဏီများအနေဖြင့် ဩစတေးလျနိုင်ငံရှိ အစိုးရ၏ ဝယ်ယူရေးလုပ်ငန်းများတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ခန့်အထိ ဈေးကွက်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းဖြင့် ဌာနဆိုင်ရာအရင်းအမြစ်များအား ကိုးကားလျက် Economic Times သတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယသည် ဩစတေးလျ၏ နဝမမြောက် အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်ပြီး ဩစတေးလျသည်လည်း အိန္ဒိယ၏ ၁၇ ခုမြောက် အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်ပါသည်။ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဌာန၏ စာရင်းများအရ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း  ဩစတေးလျနိုင်ငံနှင့် ကုန်စည်ကုန်သွယ်မှုမှာ ပို့ကုန်၌ အမေရိကန်ဒေါ်လာ ၆.၃၃၃ ဘီလီံယံနှင့် သွင်းကုန်တွင် အမေရိကန် ဒေါ်လာ ၁၃.၅ ဘီလီယံရှိကြောင်း တွေ့ရှိရပါသည်။ လက်ရှိကာလ၌ အိန္ဒိယ- ဩစတေးလျ နှစ်နိုင်ငံကြား ကုန်စည်နှင့် ဝန်ဆောင်မှု နှစ်ရပ်ပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၇.၅ ဘီလီယံခန့်ရှိပြီး ရှေ့လာမည့် ၅ နှစ်တာကာလအတွင်း ၂ ဆတိုးမြှင့် နိုင်ရန် နှစ်နိုင်ငံအစိုးရများက ရည်မှန်းထားကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Signing of the Economic Cooperation and Trade Agreement (ECTA) between India and Australia, 2-4-2022, Press Information Bureau of India

2. All about India-Australia Economic Co-operation and Trade Agreement, 4-4-2022, The Hindu Business Line

3. India may get access to $10-billion Australian government tenders, 4-4-2022, Economic Times

 

Category: India (Delhi)