Germany

အီတလီနိုင်ငံတွင် စိုက်ပျိုးရေးနှင့် ဥယျာဉ်လုပ်ငန်းဆိုင်ရာစက်ပစ္စည်းများပြပွဲ ကျင်းပ

Last Updated:

အီတလီနိုင်ငံ ဘိုလော့ဂ်နာမြို့ (Bologna) တွင်  ၁၉၆၉ ခုနှစ်မှစ၍ (၂) နှစ် တစ်ကြိမ်ကျင်းပသည့် နိုင်ငံတစ်ကာ စိုက်ပျိုးရေးနှင့် ဥယျာဉ်လုပ်ငန်း ဆိုင်ရာစက်ပစ္စည်းများပြပွဲ (International Exposition of Machinery for Agriculture and Gardening- EIMA International) ကို အီတလီ စိုက်ပျိုးရေးဆိုင်ရာ စက်ပစ္စည်းထုတ်လုပ်သူများဖက်ဒရေးရှင်း (Italian Agricultural Machinery Manufacturers Federation) က ဘိုလော့ဂ်နာ ပြပွဲများဌာန (Bologna Fiere) နှင့်ပူးပေါင်း၍ ဦးဆောင်ကျင်းပခြင်း ဖြစ်ပါသည်။

ပြပွဲတွင် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ မြေယာပြုပြင်ခြင်းနှင့် ထွန်ယက်စိုက်ပျိုးမှုပိုင်း  အဆင့်မြင့်နည်းပညာနှင့် စက်ကိရိယာ ပစ္စည်းမော်ဒယ်မျိုးစုံကို နိုင်ငံများစွာက လာရောက်ခင်းကျင်းပြသကြလေ့ ရှိပါသည်။ EIMA International  ကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ မဖြစ် ပွားမီ ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လည်ကျင်းပခဲ့ရာ ပြပွဲ ပြသသည့် ကုမ္ပဏီပေါင်း (၁၃၆၄) ခုနှင့် လာရောက် လေ့လာကြည့်ရှုသူပေါင်း (၂၇၀၇၀၀) ဦး ရှိခဲ့ပါ သည်။ 

ယခု ၂၀၂၂ ခုနှစ်အတွက် နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၃ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြပွဲပြသသည့် ကုမ္ပဏီပေါင်း (၂၀၀၀) ခန့်နှင့် နိုင်ငံပေါင်း (၁၅၀) မှ လာရောက်လေ့လာကြည့်ရှုသူပေါင်း (၃၀၀,၀၀၀) ဦးခန့် စာရင်းရရှိထားပါသည်။ ပြပွဲတွင် လယ်ယာမြေဖော်ထုတ်ခြင်းနှင့် သစ်တောဆိုင် ရာ စက်ကိရိယာများ၊ အင်ဂျင်များ၊ ထွန်စက်များ၊ မြေဆီလွှာထိန်းသိမ်းခြင်း၊ အပင်နှင့် သီးနှံကာကွယ် ရေး၊ ရေသွင်းစိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းနှင့် မွေးမြူရေးလုပ်ငန်းစီမံဆောင်ရွက်မှုဆိုင်ရာ စက်ကိရိယာများ စသည်တို့ပါဝင်သည့် အဓိကလုပ်ငန်းကဏ္ဍ (၁၄) ခုအတွက် ပြသမှုများနှင့် Trade shows များ၊ ကွန်ဖရင့်များ၊ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများစွာ ပါဝင်ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ထုတ် လုပ်တင်ပို့နေသော ကောင်းရနံ့ကုမ္ပဏီသည် Italian Trade Agency (ITA) ၏ ဖိတ်ကြားစီစဉ်မှုအရ ပြပွဲကာလအတွင်း လာရောက်လေ့လာ၍ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source:https://www.eima.it/en/

 

Category: Germany