Germany

အီးယူဒေသ စီးပွားရေးနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ အလားအလာ

Last Updated:

အီးယူဒေသသည် အရှေ့တောင်အာရှနိုင်ငံများ၏ အရေးပါသည့် ကုန်သွယ်မှုမိတ်ဘက်များတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အီးယူဒေသတွင် စီးပွားရေးတိုးတက်မှု နှေးကွေးမှုရှိလာခြင်းအပေါ် အရှေ့တောင်အာရှနိုင်ငံများက သတိ ကြီးစွာစောင့်ကြည့်နေကြသလို အခွင့်အရေးရရှိနိုင်မှုကိုလည်း လေ့လာနေကြပါသည်။ စွမ်းအင်ကဏ္ဍအကြပ်အတည်းများနှင့် မြင့်တက်လာနေသော ငွေကြေးဖောင်းပွမှုများက ယခုနှစ်ကုန်ပိုင်းတွင် ပိုမိုခက်ခဲမှုများနှင့် ကြုံတွေ့ရနိုင် ကြောင်း၊ နေထိုင်မှုစရိတ်မြင့်တက်လာမှုများက စားသုံးမှုစရိတ်များကို လျော့ကျလာစေနိုင်ကြောင်း ခန့်မှန်းထားရှိကြပါသည်။

Bloomberg economist ဖြစ်သူ Ms. Tamara Henderson က အီးယူဒေသ၏ စီးပွားရေးကျဆင်းလာမှုက အရှေ့တောင်အာရှနိုင်ငံများ၏ ပို့ကုန်၊ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကြီးမားစွာ သက်ရောက်မှုရှိစေနိုင် ကြောင်း၊ နှစ်စဉ် စီးပွားရေးတိုးတက်မှုများ နှေးကွေးလာနိုင်ဘွယ်ရှိကြောင်း၊ တစ်ဖက်တွင်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် စီးပွားရေးကဏ္ဍ ပြန်လည်ဖွင့်လှစ်ခြင်းများကို တစ်ဖြည်းဖြည်းပြန်လည်ပြု လုပ်လာနေပြီး အီးယူ ဒေသ စီးပွားရေးအကြပ်အတည်းများမှ ပို့ကုန်များပိုမိုတိုးမြှင့်တင်ပို့ခြင်းဖြင့် အခွင့်အလမ်းများ ရယူနိုင်မည့်အလားအလာတွင် ရှိနေကြောင်း ပြောဆိုခဲ့ပါသည်။

အီးယူဘက်မှ စာရင်းအင်းအချက်အလက်များအရ အာဆီယံနိုင်ငံများက အီးယူနိုင်ငံများသို့ တင်ပို့မှုသည် ၂၀၂၀ ခုနှစ်တွင် ယူရို (၁၂၀) ဘီလီယံမှ ၂၀၂၁ ခုနှစ်တွင် ယူရို (၁၃၆) ဘီလီယံ ခန့်ရှိခဲ့ပါသည်။ အာဆီယံဘက်မှ စာရင်းအင်း အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုသည် အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ (၁၅) ရာခိုင်နှုန်းရှိပါသည်။ ခရီးသွားကဏ္ဍတွင်မူ အီးယူနိုင်ငံများက အာဆီယံဒေသသို့ လာရောက်မှုသည် စုစုပေါင်းခရီးသွားဝင်ရောက်မှု၏ ၅ ရာခိုင်နှုန်းခန့်သာရှိသော်လည်း ပိုမိုလာရောက်နိုင်ဘွယ်ရှိကြောင်း ခန့်မှန်းထားရှိပါသည်။ အာဆီယံနိုင်ငံများမှ အီးယူသို့ပို့ကုန်သည် ၂၀၂၁ ခုနှစ်တွင် ဗီယက်နမ်ပို့ကုန်၏ ၁၁ ရာခိုင်နှုန်း၊ မလေးရှားပို့ကုန်၏ ၁၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားပို့ကုန်၏ ၂၀ ရာခိုင်နှုန်းခန့်ရှိခဲ့ပါသည်။ ဗီယက်နမ်ပို့ကုန်သည် ယခုနှစ် ပထမနှစ်ဝက်ကာလအတွင်း ယခင်နှစ်ကာလတူထက် ၄၅ ရာခိုင်နှုန်းပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စာရင်းအင်းအချက်အလက်များကထုတ်ပြန်ခဲ့ပါသည်။ အာဆီယံနိုင်ငံများက အီးယူမှ တင်သွင်းမှုသည် ၂၀၂၁ ခုနှစ်အတွင်း ယူရို (၈၀) ဘီလီယံခန့်ရှိခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့ဂျီဒီပီတိုးတက်မှုနှုန်းကို မူလခန့်မှန်းထားသည့် ၃.၆ ရာခိုင်နှုန်းမှ ၃.၂ ရာခိုင်နှုန်းသို့ ပြောင်းလဲခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်အတွက် ၂.၉ ရာခိုင်နှုန်း ခန့်မှန်း ထားရှိပါသည်။ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) ကလည်း အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၂၀၂၂ ခုနှစ်အတွက် မူလ (၅.၂) ရာခိုင်နှုန်းမှ (၄.၆) ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွက် မူလ (၅.၃) ရာခိုင်နှုန်းမှ (၅.၂) ရာခိုင်နှုန်းသို့လည်းကောင်း လျော့နည်းခန့်မှန်းထားရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/eu-recession-fears-spark-concern-in-southeast-asia/a-63072169

 

Category: Germany