Germany

အီးယူဒေသတွင်း စွမ်းအင်လုံလောက်မှုဆိုင်ရာစီစဉ်ဆောင်ရွက်မှု

Last Updated:

အီးယူဒေသအတွင်း ရုရှားနိုင်ငံမှ လောင်စာစွမ်းအင်တင်သွင်းနေရခြင်းကို လျော့ချနိုင်ရန် ဥရောပကော်မရှင်က ယူရို  ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စတင်စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ ဥရောပကော်မရှင် ဥက္ကဌ Ms.Ursula von der Leyen က ဦးစွာ LNG terminals  ကဲ့သို့သော ဂက်စ်အခြေခံအဆောက်အအုံတည်ဆောက်ရန် ယူရို ၁၀ ဘီလီယံကို စတင်ရင်းနှီးမြှုပ်နှံဆောင်ရွက်မည်ဖြစ်ပြီး ၂၀၃၀ ခုနှစ်တွင် ယူရို  ၃၀၀ ဘီလီ ယံထိ ရောက်ရှိရန် ထောက်ပံ့ငွေနှင့် ချေးငွေတို့ဖြင့် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အီးယူ (၂၇) နိုင်ငံ ခေါင်းဆောင်များက ဂက်စ်၊ LNG နှင့် ဟိုက်ဒရိုဂျင်များ ဖက်စပ်ပူးပေါင်းဝယ်ယူမှုအတွက် ပလက်ဖောင်းတစ်ခုတည်ထောင်ရန် သဘောတူညီချက်ထားရှိကြောင်း၊  အီးယူဒေသ စွမ်း အင်လုံလောက်စွာရရှိမှုကို ၂၀၃၀ ခုနှစ်တွင် ၉ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လုံလောက်မှုကို ၄၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြားပါသည်။

အီးယူက ရုရှားနိုင်ငံမှ ကျောက်မီးသွေးတင်သွင်းခြင်း တားမြစ်မှုကို လာမည့်ဩဂုတ်လတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ဂက်စ်တင်သွင်းမှု၏ သုံးပုံ နှစ်ပုံအား ကန့်သတ်တားမြစ်ခြင်းအား ယခုနှစ်ကုန်ပိုင်းတွင် ဆောင်ရွက်ရန်ရှိပါသည်။ တစ်ဖက်တွင်လည်း ဟန်ဂေရီနိုင်ငံနှင့် အခြားကုန်းတွင်းပိတ် နိုင်ငံများအနေဖြင့် လောင်စာဆီတင်သွင်းမှု ကန့်သတ်ချက်များအပေါ် လိုက်ပါဆောင်ရွက်ရန် အခက်အခဲများရှိနေကြဆဲဖြစ်သည်။

ဂျာမနီနိုင်ငံ၏ ပထမဦးဆုံး LNG terminal တည်ဆောက်မှုကို မြောက်ပိုင်းပင်လယ်ကမ်းခြေဒေသတွင် စတင်ဆောင်ရွက်နေပါသည်။  Ministry of Economic Affairs and Climate Action ဝန်ကြီး Mr. Robert Habeck က ယခုအပတ်အတွင်း LNG terminals  တည်ဆောက်နေရာသို့ Lower Saxony ပြည်နယ်မှ Ministry of Environment and Energy ဝန်ကြီး Mr. Olaf Lies နှင့်အတူ လာရောက်လေ့လာကြည့်ရှုခဲ့ပြီး ယခုနှစ်ကုန်ပိုင်း တွင် LNG terminals  နှစ်ခု စတင်လည်ပတ်နိုင်ရန် ရည်မှန်းထားကြောင်း၊ အစောပိုင်းတွင် အခက်အခဲတစ်ချို့ရှိနိုင်မည်ဟု ယူဆကြောင်း၊ စီမံကိန်း နေရာဒေသအနီး ရေနေသတ္တဝါများအား ကာကွယ်စောင့်ရှောက်ရန်လိုအပ်ပြီး ဥပဒေပိုင်းအရ ကာကွယ်ပေးမှုများနှင့် Marine Conservation တွင် ထည့်သွင်းဖော်ပြခြင်းတို့ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောဆိုပါသည်။ ဂျာမနီနိုင်ငံသည် အဆိုပါ LNG terminals တည်ဆောက်မှုအတွက် ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပြီး Open Grid Europe (OGE) ကဲ့သို့သော နိုင်ငံတွင်းရှိ အကြီးဆုံးပိုက်လိုင်းကွန်ယက်အော်ပရေတာ (Pipeline Network Operators) များအပါအဝင် ကုမ္ပဏီများစွာနှင့် လုပ်ငန်းစာချုပ် ချုပ်ဆိုလုပ်ကိုင်ထားရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source:https://www.dw.com/en/eu-unveils-300-billion-plan-to-reduce-its-energy-dependency-on-russia/a-61838801

 

Category: Germany