Germany

အီးယူဒေသအတွင်း စီးပွားရေးတိုးတက်မှုနှုန်းနှင့် ငွေကြေးဖောင်းပွမှုအခြေအနေ

Last Updated:

အီးယူဒေသအတွင်း ရုရှား- ယူကရိန်း ပဋိပက္ခ၏ ရိုက်ခတ်မှုကြောင့် စွမ်းအင်နှင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာနေပြီး စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာကာ ငွေကြေးဖောင်းပွမှုနှုန်းများလည်း မြင့်မားလာပါသည်။ ဥရောပကော်မရှင်က ၂၀၂၂ ခုနှစ် ယူရိုဇုန်၏ စီးပွားရေးတိုးတက်မှုနှုန်းကို ယခင် ခန့်မှန်းထားသည့် ၄ရာခိုင်နှုန်းမှ ၂.၂ရာခိုင်နှုန်းသို့ လျော့ချပြောင်းလဲ ခန့်မှန်းထားပါသည်။ အီးယူစီးပွားရေးကော်မရှင်နာ Mr.Paolo Gentiloni က အီးယူဒေသစီးပွားရေးကို ကပ်ရောဂါကာလအလွန်တွင် ရေရှည်တောင့်တင်းခိုင်မာစွာ တိုးတက်မှုရရှိစေရန် မျှော်မှန်းထားခဲ့သော်လည်း ထောက်ပံ့ ပို့ဆောင်မှုနှင့် supply chain ပိုင်း ယိုယွင်းမှုများဖြစ်ပေါ်စေပြီး ကုန်ကြမ်းတင်သွင်းမှုဈေးနှုန်းများမြင့်တက်လာကာ ထုတ်လုပ်မှုပိုင်း ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာစေကြောင်း၊ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုများကလည်း ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်ပိုင်းကို အဟန့်အတားတစ်ခု ဖြစ်စေကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးနာလန်ပြန်ထူလာနိုင်ခဲ့မှုများက ယခုလက်ရှိအကြပ်အတည်းများကို ပြန်လည်ထောက်ကူပေးနိုင်ပြီး ပြည်သူ့ကြွေးမြီနှင့် ဘတ်ဂျက်လိုငွေပြနေမှုများကို လျော့ပါးသက်သာစေမည်ဟု မျှော်လင့်ကြောင်း ပြောဆိုပါသည်။

ဥရောပကုန်သွယ်ရေးကော်မရှင်နာ Mr.Valdis Dombrovskis ကလည်း အီးယူဒေသ၏ စီးပွားရေးအခြေခံလိုအပ်ချက်များသည် ခိုင်မာအားကောင်းမှုရှိ ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခမတိုင်မီက အီးယူဒေသ၏ စီးပွားရေးအခြေအနေသည် ပြန်လည်အားကောင်းလာသည့် တိုးတက်မှုလမ်းကြောင်း တစ်ခုပေါ် ရောက်ရှိလာနေပြီဖြစ်ကြောင်း၊ အလုပ်အကိုင်သစ်များ ဖန်တီးနိုင်ပြီး အလုပ်လက်မဲ့နှုန်းများ ကျဆင်းလာခဲ့ကြောင်း၊ ယခုအခါ စီးပွားရေး တိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုအခြေအနေများသည် လက်ရှိအကြပ်အတည်းနှင့် စွမ်းအင်ဈေးကွက်ပေါ် ရိုက်ခတ်မှုများအား များစွာမှီတည်နေ ကြောင်း ပြောဆိုပါသည်။

အီးယူအနေဖြင့် စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကြောင့် ၂၀၂၂ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းကို ၆ ရာခိုင်နှုန်းနှင့် ဒုတိယလေးလပတ်တွင် ၆.၉ ရာခိုင် နှုန်းထိ ရောက်ရှိနိုင်ပြီး ၂၀၂၃ ခုနှစ်တွင် ၂.၇ ရာခိုင်နှုန်း ရှိနိုင်ကြောင်း၊ အလုပ်အကိုင်ရရှိမှုနှုန်းကို ၁.၂ ရာခိုင်နှုန်းအားဖြင့် တိုးတက်နိုင်ကြောင်း၊ ခန့်မှန်း ထားရှိပါသည်။  

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source:https://www.dw.com/en/eu-lowers-economic-growth-expectations-amid-ukraine-war/a-61811671

Category: Germany