Belgium

အီးယူနှင့် နယူးဇီလန်နိုင်ငံတို့အကြား FTA လက်မှတ်ရေးထိုးခဲ့ခြင်း

Last Updated:

အီးယူနှင့် နယူးဇီလန်နိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreement-FTA) တစ်ရပ်ကိ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ဥရောပကော်မရှင်က လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၎င်း FTA အရ နှစ်ဘက်ကုန်သွယ်မှုတွင် အကောက်ခွန်နှုန်းထားများကို ဖြေလျှော့ဖယ်ရှားသွားမည်ဖြစ်ပြီး၊ ရေရှည်တည်တံ့မှုဆိုင်ရာ လိုက်နာရန်အချက်များအပါအဝင် ဥရောပရှိ အမဲသားနှင့် သိုးသားမွေးမြူထုတ်လုပ်သူ များအတွက် အကာအကွယ်ပေးမှုများကိုလည်း ထည့်သွင်းထားကြောင်း သိရပါသည်။

အဆိုပါ ကုန်သွယ်ရေးသဘောတူညီချက်သည် အီးယူနှင့် နယူးဇီလန် နှစ်ဘက်စလုံးမှစားသုံးသူများ၊ လယ်သမားများနှင့် ကုမ္ပဏီများအတွက် အခွင့် အလမ်းများကို ယူဆောင်လာခြင်းဖြစ်သည်ဟု ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen က ပြောကြားခဲ့ပါသည်။

အီးယူ၏ ကုန်သွယ်ရေးသဘောတူညီချက်များတွင် ရေရှည်တည်တံမှု (Sustainability) ဆိုင်ရာလိုက်နာရန်အချက်များကို ပိုမိုခိုင်မာအားကောင်းစေ ရေးအတွက် လိုအပ်ပါက အရေးယူပိတ်ဆို့မှုများဖြင့် ဆောင်ရွက်သွားမည့် အီးယူကုန်သွယ်မှုမူဝါဒအတွက် ချဉ်းကပ်မှုပုံစံအသစ် (new approach) ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဥရောပကော်မရှင်က အဆိုပြုခဲ့ရာ ယခု FTA တွင် အီးယူက Trade and Sustainable Development ဆီသို့ချဉ်းကပ်မှုပုံစံအသစ်အား ပထမဉီးဆုံး ထည့်သွင်းချုပ်ဆိုခဲ့ခြင်းလည်း ဖြစ်ပါသည်။

ဥပမာအားဖြင့် အီးယူ-နယူးဇီလန် ကုန်သွယ်ရေးသဘောတူညီချက်တွင် ပါရီရာသီဉတုဆိုင်ရာ သဘောတူညီချက် (Paris Climate Agreement) ကို လေးစားလိုက်နာရေးနှင့်စပ်လျဉ်း၍ အရေးယူပိတ်ဆို့မှုပြုလုပ်နိုင်သည့် ကတိကဝတ်များပါဝင်ကြောင်း၊ ထို့အပြင် လုပ်သားဆိုင်ရာစံနှုန်းများ၊ ကုန် သွယ်မှုနှင့် ကျား/ မ တန်းတူညီမျှမှုဆိုင်ရာ အခန်း (Chapter on trade and gender equality) စသည်တို့လည်း ပါဝင်ကြောင်း သိရပါသည်။

ယခုကုန်သွယ်ရေးသဘောတူညီချက်တွင် ရေရှည်တည်တံမှုဆိုင်ရာ လိုက်နာရန်အချက်များကို ယခင် FTA များနှင့်မတူဘဲ ထည့်သွင်းထားခြင်းဖြစ် ပြီး၊ တစ်ဘက်ဘက်မှ လိုက်နာရန်ပျက်ကွက်ခဲ့လျှင် အရေးယူပိတ်ဆို့မှုများဆောင်ရွက်နိုင်ကြောင်း၊ သို့ရာတွင် နှစ်ဘက်စလုံးအတွက် လက်ငင်း အကျိုးရှိစေမည့် အကောက်ခွန်လျှော့ချမှုများလည်း ပါဝင်ပြီး၊ ဥရောပမှ ကားနှင့် အထည်အလိပ်များအတွက် လက်ရှိအခွန်နှုန်းထား (၅ - ၁၀) ရာခိုင်နှုန်းအား FTA စတင်အသက်ဝင်ချိန်၌ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အီးယူ-နယူးဇီလန် FTA အတွက် စေ့စပ်ညှိနှိုင်းမှုများကို (၄) နှစ်ကြာဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး၊ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များအတွက် ခက်ခဲ သည့် ညှိနှိုင်းမှုများရှိခဲ့ကြောင်း၊ ဥပမာအားဖြင့် ဥရောပ၏ ထုတ်ကုန်ပေါင်း (၂၀၀၀) ကျော် (အထူးသဖြင့် ဝိုင် စသည့်ထုတ်ကုန်) အား ပထဝီဒေသ ဆိုင်ရာအညွှန်း (geographical indications) မှတစ်ဆင့် အကာအကွယ်ပေးထားကြောင်း၊ အမဲသား၊ သိုးသားနှင့် နို့ထွက်ပစ္စည်းများအတွက်လည်း အကာအကွယ်ပေးမှုအစီအမံအချို့ကို အီးယူမှ ဆက်လက်ထိန်းသိမ်းထားကြောင်း၊ နယူးဇီလန်နိုင်ငံမှ ကီဝီသီးများသည် ယင်း FTA အရ ဥရောပ ဈေးကွက်သို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။

အီးယူ-နယူးဇီလန် FTA စတင်အသက်ဝင်ရန်အတွက် ဥရောပပါလီမန်နှင့် အီးယူအဖွဲ့ဝင် (၂၇) နိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီးများက အတည်ပြုရမည် ဖြစ်ပါသည်။ အီးယူ၏ ညှိနှိုင်းဆဲ ကုန်သွယ်ရေးသဘောတူညီချက်များမှာ နှစ်အတန်ကြာ တုံ့ဆိုင်းနေခဲ့ပြီးနောက်တွင် ဥရောပကော်မရှင်အနေဖြင့် အပြီးသတ်လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လိုသည့် FTA များရှိနေပြီး၊ ယခုသဘောတူညီချက်သည် ယင်းတို့အနက် ပထမဆုံးလက်မှတ်ရေး ထိုးခဲ့သည့် FTA ဖြစ်ကြောင်း၊ အီးယူ-အိန္ဒိယ ကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ပြန်လည်စတင်နေပြီဖြစ် ကြောင်း သိရပါသည်။

 

(ကျော်စိန်ဝင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့)
ရင်းမြစ် (https://www.euractiv.com/section/economy-jobs/news/eu-and-new-zealand-sign-free-trade-agreement/)

 

Category: Belgium