Germany

အီးယူ၏ စွမ်းအင်ကဏ္ဍအစီအစဉ်များနှင့် အရှေ့တောင်အာရှနိုင်ငံများအပေါ် သက်ရောက်မှု

Last Updated:

အီးယူဒေသတွင် ကြုံတွေ့နေရသည့် စွမ်းအင်အကျပ်အတည်းများက အရှေ့တောင်အာရှနိုင်ငံများ၏ liquefied natural gas (LNG)  နှင့် ဓါတ်ငွေ့များအပေါ် ဝယ်လို အားတိုးတက်မှုများ ဖြစ်ပေါ်နေပြီး ကမ္ဘာ့ဈေးနှုန်းများကိုလည်း မြင့်တက်လာစေပါသည်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလများမှစ၍ အီးယူက ရုရှားနိုင်ငံမှ ကျောက်မီးသွေးတင်သွင်းမှုပိတ်ပင်ခဲ့ခြင်းနှင့် ရုရှားနိုင်ငံက အီးယူအချို့နိုင်ငံများသို့ ဓါတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း ဥရောပနိုင်ငံများသည် အရှေ့တောင် အာရှနိုင်ငံများရှိ ကျောက်မီးသွေးနှင့် LNG ထုတ်လုပ်သူများထံ ဦးလှည့်လာနေကြကာ ကျောက်မီးသွေးအများဆုံးတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံထံမှ ဝယ်ယူရရှိရေး ကြိုးပမ်းလာကြပါသည်။

အင်ဒိုနီးရှားနိုင်ငံ ကျောက်မီးသွေးကုမ္ပဏီ PT Adaro Energy က  ယခုနှစ် ဧပြီလအစောပိုင်းက နယ်သာလန်နှင့် စပိန်နိုင်ငံတို့သို့ ကျောက်မီးသွေးတန်ချိန် (၃၀၀၀၀၀) ရောင်းချခဲ့ပြီး ပိုလန်နိုင်ငံကလည်း အင်ဒိုနီးရှားနိုင်ငံမှ ကျောက်မီးသွေးတန်ချိန် (၅၃၂၃၀) အော်ဒါမှာယူခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ Coal Mining Association ဥက္ကဌဖြစ်သူ Mr. Pandu Sjahrir က အင်ဒိုနီးရှား ကျောက်မီးသွေးဝယ်လိုအား တိုးတက်လာနေကြောင်း၊ ဂျာမနီနိုင်ငံဘက်က စုံစမ်းမေးမြန်းလာမှုများ ရှိနေကြောင်း၊ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံပြီးလျှင် အင်ဒိုနီးရှားနိုင်ငံ၏ တတိယမြောက် ကျောက်မီးသွေး အများဆုံးတင်သွင်း သူဖြစ်လာနိုင်ကြောင်း ထုတ်ဖော်ပြောကြားပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံပိုင် ကျောက်မီးသွေးလုပ်ငန်းဖြစ်သည့် PT Bukit Asam သည် ယခုနှစ်အတွင်း အီတလီ နိုင်ငံသို့ ကျောက်မီးသွေးတန်ချိန် (၁၄၇၀၀၀) တင်ပို့ခဲ့ပြီး ဂျာမနီနှင့် ပိုလန်နိုင်ငံတို့နှင့် ဆွေးနွေးမှုများပြုလုပ်လျှက် ရှိပါသည်။ အီးယူစွမ်းအင်ကော်မရှင်နာဖြစ်သူ Mr. Kadri Simson သည် စက်တင်ဘာလအစောပိုင်းက အင်ဒိုနီးရှားနိုင်ငံတွင် G20 အစည်းအဝေးတက်ရောက်စဉ် ကျောက်မီးသွေးတွင်းများသို့ သွားရောက်လေ့လာခဲ့ပါ သည်။ အင်ဒိုနီးရှားနိုင်ငံ ကျောက်မီးသွေးဈေးနှုန်းများသည် ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ (၃၂၁.၅၉) နှင့် စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ (၃၁၉.၂၂) တွင် ရှိနေကြောင်း သိရှိရပါသည်။

လေ့လာ ကျွမ်းကျင်သူများက ဥရောပဒေသအနေဖြင့်  ယခုနှစ်ကုန်ပိုင်းနှင့် ၂၀၂၃ နှစ်အတွင်း လောင်စာစွမ်းအင်တင်သွင်းမှု အများအပြားပြုလုပ်နိုင်ပြီး ဈေးနှုန်းများ လည်း မြင့်တက်လာနိုင်ကြောင်း သုံးသပ်နေကြပါသည်။ မလေးရှားနိုင်ငံသည် ကမ္ဘာတွင် ပဥ္စမမြောက် LNG တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီး ဥရောပဒေသသို့  တင်ပို့မှု တိုးမြင့်လာမည့်အလားအလာများ ရှိနေပါသည်။

အီးယူကော်မရှင် ဥက္ကဌ Ms. Ursula von der Leyen က အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓါတ်အားဈေးနှုန်းများ အဆမတန်မြင့်တက်မှု ကို တွေ့ကြုံလာရကြောင်း၊ သို့သော်လည်း မူလအီးယူ၏ ရေရှည် green energy plans ကို သက်ရောက်မှုရှိစေမည်မဟုတ်ကြောင်း၊ အခြားနိုင်ငံများ၏ green energy အစီအစဉ်ကူးပြောင်းမှုများကိုလည်း ပြောင်းလဲစေနိုင်မည်မဟုတ်ကြောင်း ပြောကြားပါသည်။ အီးယူအနေဖြင့် စွမ်းအင်အကျပ်အတည်းဖြစ်နေသည့် ကာလ အတွင်း၌သာ တူးဖော်ရရှိသည့် အရင်းအမြစ်များမှ စွမ်းအင်ထုတ်ယူသုံးစွဲမှုကို ပြုလုပ်လိုပြီး ရေရှည်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ သုံးစွဲခြင်းဖြင့် လေထု ညစ်ညမ်းမှုမရှိသည့် ဝန်းကျင်တစ်ခုကို တည်ဆောက်ရန် အစီအစဉ်ရှိပါသည်။ တစ်ဖက်တွင်လည်း European Investment Bank အနေဖြင့် အာရှ-ပစိဖိတ်ဒေသတွင် green energy နှင့် ရေရှည်တည်တံ့ ခိုင်မြဲမှုဆိုင်ရာ အစီအစဉ်များအတွက် ပံ့ပိုးရန် စီစဉ်ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source:https://www.dw.com/en/how-the-eus-new-energy-plans-impact-southeast-asia/a-63256213Date

 

Category: Germany