Belgium

အီးယူ၏ EBA ကုန်သွယ်မှုအကျိုးခံစားခွင့် တစ်စိတ်တစ်ပိုင်းရုပ်သိမ်းမှု စတင်ခဲ့သဖြင့် ကမ္ဘောဒီးယားပို့ကုန်များအီးယူသို့တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့်ဆုံးရှုံးမည်

Last Updated:

အီးယူမှ ကမ္ဘောဒီးယားနိုင်ငံအပေါ်ပေးအပ်ထားသည့် Everything But Arms (EBA)  ကုန်သွယ်မှုအကျိုးခံစားခွင့်အား တစ်စိတ်တစ်ပိုင်းရုပ်သိမ်းမှု (partially withdrawal) အဖြစ် ဆောင်ရွက်ရန် အီးယူ၏ဆုံးဖြတ်ချက်သည် ၁၂-၈-၂၀၂၀ ရက်နေ့မှစတင်၍ သက်ရောက်မှုရှိခဲ့သဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ချုပ်ပြီးအထည်၊ ဖိနပ်နှင့် ခရီးသွားကုန်စည်အချို့သည် အီးယူ၏ အကောက်ခွန်နှုန်းထားများကိုပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများသို့ အီးယူမှပေးအပ်သည့်  အဆိုပါ EBA ကုန်သွယ်မှု အကျိုးခံစားခွင့်အား ကမ္ဘောဒီးယားနိုင်ငံအပေါ် ယာယီရုပ်သိမ်းခြင်း ဖြစ်ကြောင်းနှင့် လိုအပ်သောပြုပြင်ပြောင်းလဲမှုများအတွက် ကမ္ဘောဒီးယားနိုင်ငံနှင့်ထိတွေ့ ဆောင်ရွက်မှုကို အီးယူကတံခါးဖွင့်ထားကြောင်း ဥရောပကော်မရှင်၏ ၁၂-၈-၂၀၂၀ နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့မှုအရ သိရသည်။

EBA ကုန်သွယ်မှုအကျိုးခံစားခွင့်အား တစ်စိတ်တစ်ပိုင်းရုပ်သိမ်းမှုကြောင့် အီးယူသို့ တင်ပို့သည့် ကမ္ဘောဒီးယားပို့ကုန်များ၏ ၂၀ ရာခိုင်နှုန်းခန့်အပေါ်သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ၎င်းပို့ကုန်များကို အီးယူသို့ ဆက်လက်တင်ပို့နိုင်မည်ဖြစ်သော်လည်း အီးယူမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအားကောက်ခံသည့် ယေဘုယျအကောက်ခွန်နှုန်းဖြင့် တင်ပို့ရမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ အီးယူသို့ပို့ကုန်များ၏ ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းမှာမူ အီးယူဈေးကွက်သို့ အခွန်နှင့်ကိုတာကင်းလွတ်ခွင့် (duty-free, quota-free) အခွင့်အရေးများကို ဆက်လက်ခံစား၍ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ဥရောပကော်မရှင်သည် ဥရောပသမဂ္ဂ ပြည်ပ ဆက်ဆံရေးဌာန (European External Action Service-EEAS) နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံနှင့် တိုးမြှင့်ထိတွေ့ဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  အီးယူသည် ကမ္ဘော ဒီးယားနိုင်ငံ၏အခြေအနေ အထူးသဖြင့် ဆောင်ရွက်ဆဲပြုပြင်ပြောင်းလဲရေးနယ်ပယ်များအား ဆက်လက်စောင့်ကြည့်အကဲဖြတ်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့် အလုပ်အကိုင်ရရှိမှုတို့အပေါ် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ၏ ရိုတ်ခတ်မှုကို သတိပြုမိသကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းနှင့် စီးပွားရေးပြန်လည်နိုးထလာစေရေး ကမ္ဘောဒီးယားနိုင်ငံ၏ တုန့်ပြန်ကြိုးပမ်းမှုတွင် အကူအညီပေးရန် အီးယူကအဆင်သင့်ရှိကြောင်း ၎င်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ဘဏ်၏ စာရင်းများအရ ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ပို့ကုန်တင်ပို့မှု၏ ၂၅ ရာခိုင်နှုန်းခန့်ကို အီးယူသို့တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားကုန်စည်များ (travel goods)၊ သကြား၊ အချို့သော ချုပ်ပြီးအထည်နှင့် ဖိနပ်ထုတ်ကုန်များအပါအဝင် ပို့ကုန် အမယ်အချို့သည် အီးယူမှကောက်ခံသည့် အခွန်နှုန်းထားများကို ပေးဆောင်သွားရမည်ဖြစ်ကြောင်း၊ သိသာသောတိုးတက်မှုများရှိလာပါက ကမ္ဘောဒီးယားနိုင်ငံအား EBA ကုန်သွယ်မှုအကျိုးခံစားခွင့် များအပြည့်အဝပြန်လည်ပေးအပ်ရေးကို တံခါးဖွင့်ထားသည်ဟု အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာ ဖြစ်သူ Phil Hogan က ပြောကြားခဲ့ကြောင်းသိရပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (ဥရောပကော်မရှင်၊ Press release၊ ၁၂-၈-၂၀၂၀၊ https://asia.nikkei.com/)  

Category: Belgium