Germany

အီးယူ-အာဆီယံထိပ်သီးအစည်းအဝေးကျင်းပခြင်း

Last Updated:

ဥရောပသမဂ္ဂနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံနိုင်ငံများအကြား ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို ၁၄.၁၂.၂၀၂၂ရက်နေ့က ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် အီးယူနှင့်အာဆီယံဒေသနှစ်ခုအကြား (၄၅)နှစ်ကြာ သံတမန်ဆက်ဆံရေးအထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အီးယူမှတာဝန်ရှိသူတစ်ဦးက အီးယူနှင့် အာဆီယံအကြား မဟာဗျူဟာကျသောမိတ်ဘက်ပူးပေါင်းဆောင်ရွက်မှုနှင့် လက်ရှိပထဝီဝင်နိုင်ငံရေး အခြေအနေများအရ လုပ်ဆောင်မည့်အချက်များအပေါ် တာဝန်ခံဆောင်ရွက်မှုများအတွက် ဆွေးနွေးနိုင်မည့်အခွင့်အလမ်းတစ်ရပ်အဖြစ်ရှုမြင်ကြောင်း၊ အာဆီယံဒေသသည် များစွာအလားအလာရှိသည့် ဒေသတစ်ခုဖြစ်ပြီး လာမည့်၄နှစ် သို့မဟုတ် ၅နှစ်အတွင်း ကမ္ဘာတွင်ပဉ္စမမြောက်အကြီးဆုံး စီးပွားရေးအင်အားစုဒေသကြီး ဖြစ်လာနိုင်ကြောင်း၊ အီးယူအနေဖြင့် အာဆီယံနိုင်ငံများနှင့် နှစ်နိုင်ငံကုန်သွယ်မှုသဘောတူညီချက်များပိုမို ဆောင်ရွက် သွားလိုကြောင်း၊ ရောင်းလိုအားဝယ်လိုအားလုပ်ငန်းစဉ်များကို နိုင်ငံအများအပြားနှင့် ဈေးကွက်မျိုးစုံတို့တွင် ပိုမိုတိုးမြှင့်ဆောင်ရွက်လိုကြောင်း၊ အီးယူကော်မရှင် ဥက္ကဌ Ms.Ursula Von Der Leyen ကလည်း အီးယူရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်ကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် အာဆီယံနိုင်ငံများနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ထားရှိကြောင်း  ပြောကြားခဲ့ပါသည်။ အီးယူအနေဖြင့် အာဆီယံနှင့် ကုန်သွယ်မှုဆက်ဆံရေးမြှင့်တင်ရန်အချက်သည် အဓိကဦးစားပေးဖြစ်ပြီး စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍအတွက် လစ်သူယံကဲ့သို့ ကုန်ကြမ်းပစ္စည်းများ ရရှိရန်အရင်းအမြစ်များကို ရှာဖွေလျှက်ရှိပါသည်။

ဆွေးနွေးပွဲတွင် Ms.Ursula Von Der Leyen က အီးယူ၏ အာဆီယံနိုင်ငံများတွင် ယူရို(၁၀)ဘီလီယံတန်ဘိုးရှိအခြေခံအဆောက်အအုံများ ရင်းနှီးမြှုပ်နှံမှုအတွက် အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ နယ်သာလန်ဝန်ကြီးချုပ် Ms.Mark Rutte က မိမိတို့အနေဖြင့် အာဆီယံနှင့် ဆက်ဆံရေးတွင် ခိုင်မာအားကောင်းသောအနေအထားကို ရောက်ရှိရန်သေချာစွာဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ကမ္ဘာအနှံ့ထုတ်လုပ်ရောင်းချမှု ကွင်းဆက်ဖြစ်စဉ်များနှင့် တိုးတက်မှု အလားအလာများကို ပြောဆိုဆွေးနွေးကြကြောင်း ပြောကြားပါသည်။ ဆွေးနွေးပွဲတွင် အီးယူနှင့် အာဆီယံ အကြား ကုန်သွယ်မှုများပိုမိုတိုးတက်ဆောင်ရွက်၍ စီးပွားရေးဆက်သွယ်ဆောင်ရွက်မှုများ တိုးမြှင့်သွားရန် ဦးတည်ချက်ထားရှိကာ အီးယူ၏ Global Gateway အစီအစဉ်အရ အစိမ်းရောင်စွမ်းအင်စီမံကိန်း၊ သွားလာဆက်သွယ်ဆောင်ရွက်မှုများ(Connectivity) နှင့် ကူးသန်းရောင်းဝယ်မှု၊ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းဆောင်ရွက်မှုနှင့် ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးကြကြောင်း၊ အာဆီယံနိုင်ငံများအလိုက် အီးယူနှင့် Free Trade Agreement (FTA) ပြုလုပ်နိုင်ရေး ဆက်လက်ဆွေးနွေးသွားရန် သဘောတူညီချက် ရယူကြကြောင်း၊ အခြားဆွေးနွေးမှုများအနေဖြင့် ရုရှား-ယူကရိန်းပဋိပက္ခ၊ တောင်တရုတ်ပင်လယ်အရေး၊ မြန်မာအရေးကိစ္စ၊ ကိုးရီးယား ကျွန်းဆွယ်အရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

အာဆီယံဒေသသည် အီးယူအတွက် အမေရိကန်နှင့် တရုတ်နိုင်ငံပြီးလျှင် တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၂၁ခုနှစ်တွင် ကုန်စည်ကုန်သွယ်မှုပမာဏမှာ ယူရို (၂၁၅.၉)ဘီလီယံရှိခဲ့ပြီး အီးယူဒေသက ဓါတုထုတ်ကုန်ပစ္စည်း၊ စက်ပစ္စည်းနှင့် သယ်ယူပို့ဆောင်ရေးကိရိယာများ အဓိကတင်ပို့ပြီး  စိုက်ပျိုးရေးထွက်ကုန်များ၊ စက်ပစ္စည်းနှင့် သယ်ယူပို့ဆောင်ရေးကိရိယာများနှင့် အဝတ်အထည်များကို တင်သွင်းခြင်းပြုပါသည်။ အာဆီယံနိုင်ငံများအနက် စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများနှင့် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီမှုဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး စင်ကာပူ၊ဗီယက်နမ်နိုင်ငံတို့နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ အီးယူကော်မရှင်အနေဖြင့် နိုင်ငံအလိုက်ကုန်သွယ်ရေးသဘောတူညီမှုများ(FTA) ပြုလုပ်ခြင်းသည် အီးယူ-အာဆီယံဒေသကုန်သွယ်ရေးသဘောတူညီချက်အတွက် ရှေ့ဆက်တိုးမြှင့်ဆောင်ရွက် နိုင်မည့် အခြေခံအုတ်မြစ်တစ်ခုအဖြစ် ရည်ရွယ်ထားရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/eu-asean-summit-to-build-trade-ties-amid-global-crises/a-64078173

             https://www.dw.com/en/eu-asean-fail-to-jointly-condemn-russias-war-in-ukraine/a-64099763

 

Category: Germany