Thailand

အော်ဂဲနစ်ဆန်စိုက်ပျိုးရေး ပြန်လည်မြှင့်တင်ရန် ဌာနဆိုင်ရာများအားညွှန်ကြားထားခြင်း

Last Updated:

လယ်သမားများ၏ ဝင်ငွေကိုမြှင့်တင်ရန်နှင့် လယ်ယာကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အော်ဂဲနစ်ဆန်များ အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် တာဝန်ရှိဌာနဆိုင်ရာများအား အစိုးရက ညွှန်ကြားထားကြောင်း သိရှိရပါသည်။

ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် Boonyarit Kalayanamit ၏ အဆိုအရ ဧပြီလ (၂၇) ရက်နေ့တွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဉက္ကဌအဖြစ် ဉီးဆောင်ကျင်းပဆောင်ရွက်ခဲ့သည့် အမျိုးသားဆန်စပါးမူဝါဒကောင်စီအစည်းအဝေးတွင် ဆက်စပ်ဌာန ဆိုင်ရာများအနေဖြင့် အော်ဂဲနစ်ထုတ်ကုန်ဈေးနှုန်းမြှင့်တင်ရေးစီမံကိန်း ဒုတိယအဆင့် (၂၀၂၂-၂၀၂၅) တွင် လုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်သွား ကြရန် အမိန့်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဝန်ကြီးချုပ် ရာယွတ်ချန်အိုချာက လယ်သမားများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်မြှင့်တင်ရန်အတွက် သုတေသန၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆန်စပါးဆိုင်ရာ နည်းပညာလုပ်ငန်းများက ပိုမိုမြှင့်တင်ဆောင်ရွက်သွားကြရန်၊ သက်ဆိုင်ရာဌာနဆိုင်ရာများအား တာဝန်ပေးအပ်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် ရေရှည် တွင် ဈေးနှုန်းအာမခံချက်အတွက် ၎င်း၏ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချသင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အမျိုးသားဆန်စပါးမူဝါဒကောင်စီ အဖွဲ့ဝင်ဖြစ်ပြီး လယ်သမားများ၏ ကိုယ်စားလှယ်ဖြစ်သူ Suthep Khongmak က အစိုးရ၏ မြှင့်တင်ရေးမူဝါဒ ပြတ် တောက်မှုသည် အော်ဂဲနစ်ဆန်စိုက်ပျိုးမှုအတွက် အဓိကအတားအဆီးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက အစိုးရအနေဖြင့် အော်ဂဲနစ်ဆန် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ပထမအဆင့် (၂၀၁၇-၂၀၂၁) အတွက် အော်ဂဲနစ်ဆန်စိုက်ပျိုးသည့် လယ်သမားများအားထောက်ပံ့ရန် ဘတ်ငွေ (၁) ဘီလီယံ အား အစိုးရမှ ထုတ်မပေးသေးကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ပထမအဆင့်မှာ လယ်သမားများအား (၃) နှစ်အတွင်း လယ်ယာမြေ (၁) သန်းရိုင်တွင် အော်ဂဲနစ်ဆန်စိုက်ပျိုးလာစေရန်အတွက် အားပေးမြှင့် တင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လယ်သမားများအား အော်ဂဲနစ်ဆန်စိုက်ပျိုးရေး အဆင်ပြေစေရန်အတွက် ပထမနှစ်တွင် မြေတစ်ရိုင် လျှင် (၂,၀၀၀) ဘတ်ထောက်ပံ့ရန်၊ ဒုတိယနှစ်တွင် မြေတစ်ရိုင်လျှင် (၂,၀၀၀) ဘတ် ထောက်ပံ့ရန်၊ တတိယနှစ်တွင် မြေတစ်ရိုင်လျှင် (၄,၀၀၀) ဘတ် ထောက်ပံ့ရန် ကတိပြုထားခဲ့ကြောင်း သိရှိရပါသည်။

Mr. Suthep က အစိုးရနှင့် လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးများ အပြောင်း အလဲက အော်ဂဲနစ်ဆန်စိုက်ပျိုးရေးကိစ္စအား ရပ်တန့်စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အရှေ့မြောက်ပိုင်းတွင် အော်ဂဲနစ်ဆန် အဓိကစိုက်ပျိုးသည့် မြေ (၇၀၀,၀၀၀) ရိုင်ရှိကြောင်း၊  အစိုးရအနေဖြင့်  အော်ဂဲနစ်ဆန်  တိုးမြှင့်စိုက်ပျိုးရေးအတွက် စိတ်ဝင်စားမှုနည်းပါးကြောင်း အစည်းအဝေးတွင် မိမိ အနေဖြင့် ဝန်ကြီးချုပ်ပရာယွတ်အား တင်ပြခဲ့သည်ဟု Mr. Suthep ကပြောကြားခဲ့ကြောင်း၊ အစိုးရဌာနဆိုင်ရာများအနေဖြင့် ၂၀၂၂-၂၀၂၅ အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သစ်များကို ပိုမိုအလေးထား ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။

အမျိုးသားဆန်စပါးမူဝါဒကောင်စီ အနေဖြင့် ယခုနှစ်အတွင်း အော်ဂဲနစ်ဆန် စိုက်ပျိုးရေးအတွက် ထောက်ပံ့ငွေ ဘတ် (၁၄၆) သန်းအား အတည်ပြုပေး ခဲ့ကြောင်း၊ ဈေးကွက်ရရှိရေးနှင့် အရည်အသွေးစံချိန်စံညွှန်းတိုးတက်ရေးအတွက် တောင်သူလယ်သမားများအား အကူအညီပေးရန် အစိုးရဌာနဆိုင် ရာများအား ညွှန်ကြားထားကြောင်း သိရှိရပါသည်။

ထိုင်း အော်ဂဲနစ်ဆန်စိုက်ပျိုးသည့် လယ်သမားများအနေဖြင့်  အခွင့်အရေးများစွာရှိနေကြောင်း၊ အကြောင်းမှာ ထိုင်းလယ်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တရုတ်၊ ဂျပန်နှင့် ဉရောပသို့ အော်ဂဲနစ်ဆန်တန်ချိန် (၁၀၀,၀၀၀) တင်ပို့ရောင်းချရန်အတွက် လယ်သမားများအနေဖြင့် ရပ်ရွာအခြေပြု စီးပွားရေးလုပ်ငန်းအသင်းများအား ထူထောင်ထားခဲ့ပြီးဖြစ်ခြင်းကြောင့် အလားအလာကောင်းများ ရှိနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)
Bangkok Post

 

Category: Thailand