Germany

ဥရောပဒေသနိုင်ငံများရှိငွေကြေးဖောင်းပွမှုနှင့်ထောက်ပံ့မှုအစီအစဉ်များ

Last Updated:

ဥရောပဒေသတွင် ငွေကြေးဖောင်းပွမှုနှင့် လူနေမှုစရိတ်များမြင့်တက်လာမှုများကြောင့် သက်ဆိုင်ရာနိုင်ငံအစိုးရများသည် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဆောင်ရွက်ပေးနိုင်မည့်အစီအမံများကို ချမှတ်နေကြပါသည်။ ယူရိုဇုန်ဒေသငွေကြေးဖောင်းပွမှုမှာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် (၉.၁)ရာခိုင်နှုန်းမှ စက်တင်ဘာလတွင် (၉.၉) ရာခိုင်နှုန်းသို့ရောက်ရှိခဲ့ပြီး စွမ်းအင်ဈေးနှုန်းမြင့်တက်မှုမှာအဓိကဖြစ်ပြီး အခြားစားသောက်ကုန်၊အိမ်ယာငှားရမ်းမှုနှင့် ဝန်ဆောင်မှုစရိတ်များလည်းဆက်လက်မြင့်တက်လာမှုများကြောင့်ဖြစ်ပါသည်။ အီးယူအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ အမျိုးသားစွမ်းအင်မူဝါဒများအတွက် များစွာတာဝန်ရှိသူများဖြစ်ကြပြီး အီးယူစည်းမျဉ်းများအရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စားသုံးသူပြည်သူများအား စရိတ်များမြင့်တက်လာမှုမှ ကာမိနိုင်စေရန်အတွက်အရေးပေါ်အစီအမံများ (emergency measures) စီစဉ်ပံ့ပိုးပေးရန် ခွင့်ပြုထားရှိခြင်းကြောင့် နိုင်ငံများအလိုက် ထောက်ပံ့မှုအစီအစဉ်များကို ပြုလုပ်လျက်ရှိကြပါသည်။

ဂျာမနီနိုင်ငံတွင် လာမည့်ဒီဇင်ဘာလအတွက် အိမ်ထောင်စုများနှင့် အသေးစားအလတ်စား လုပ်ငန်းများ၏ ဓါတ်ငွေ့သုံးစွဲမှုကျသင့်စရိတ်များပေါ် ပံ့ပိုးမှုအစီအစဉ်များပြုလုပ်ပေးသွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မတ်လမှစတင်၍ (၁၄)လအတွင်း ဓါတ်ငွေ့သုံးစွဲကျသင့်ငွေ၏ ပထမ(၈၀) ရာခိုင်နှုန်းပေါ်တွင် တစ်ကီလိုဝပ်နာရီလျှင် ယူရို(၀.၁၂)ဖြင့် ပေးဆောင်ရန်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းကြီးများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ (၁၆) လအတွင်း ဓါတ်ငွေ့သုံးစွဲကျသင့်ငွေ၏ ပထမ(၇၀) ရာခိုင်နှုန်းပေါ်တွင်တစ်ကီလိုဝပ်နာရီလျှင် ယူရို(၀.၀၆၈)ဖြင့်ပေးဆောင်ရန်ဖြစ်ပါသည်။ အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လအထိ ဓါတ်ငွေ့သုံးစွဲမှုအတွက် value-added tax အပေါ် မူလ(၁၉) ရာခိုင်နှုန်းမှ (၇) ရာခိုင်နှုန်းသို့ လျော့ချပေးထားပြီးဖြစ်ပါသည်။ ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဂျာမန်လွှတ်တော်က စွမ်းအင်ဆိုင်ရာထောက်ပံ့မှုအစီအစဉ်များအတွက် ယူရို (၂၀၀) ဘီလီယံကို အတည်ပြုခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။ အခြားထောက်ပံ့မှုအစီအစဉ်များအနေဖြင့် ပုံမှန်အခွန်ပေးဆောင်နေသော လခစားဝန်ထမ်းများအတွက် တစ်ဦးလျှင်ယူရို (၃၀၀)နှုန်းဖြင့်လည်းကောင်း၊ မိသားစုများရှိ ကလေးငယ်များအတွက် တစ်ဦးလျှင် ယူရို(၁၀၀) နှုန်းဖြင့်လည်းကောင်း၊ အကျိုးခံစားခွင့်ရှိသည့်မိသားစုများအတွက် တစ်ဦးလျှင် ယူရို(၂၀၀) နှုန်းဖြင့်လည်းကောင်း တစ်ကြိမ်စီ (one-off payment) ထောက်ပံ့မှုများ ပြုလုပ်ပေးထားပါသည်။

အီတလီနိုင်ငံတွင် စက်တင်ဘာလ၌ လုပ်ငန်းများနှင့်အိမ်ထောင်စုများအတွက် မြင့်တက်လာသောလူနေမှုစရိတ်များမှ ကာမိ စေရန် ယူရို(၁၄)ဘီလီယံကိုထောက်ပံ့ပေးခဲ့ပြီးလုပ်သားဦးရေ (၂၂) သန်းနှင့်တစ်နှစ်ဝင်ငွေ ယူရို (၂၀၀၀၀)အောက်ရရှိသော အငြိမ်းစားပင်စင်ယူပြီးသူများအတွက် ယူရို (၁၅၀)စီကိုလည်း တစ်ကြိမ်ထောက်ပံ့ရန်စီစဉ်ထားရှိပါသည်။ ထို့အတူ စွမ်းအင်ဈေးနှုန်းမြင့်တက်မှုမှ အကျိုးအမြတ်ရရှိသည့် အခွန်ကောက်ခံသည့်ကုမ္ပဏီများအနေဖြင့် ​ထောက်ပံ့မှုအစီအစဉ်တွင် ပါဝင်ကူညီဆောင်ရွက်ရန် ကြေငြာချက်ထုတ်ပြန်ထားပါသည်။ စပိန်နိုင်ငံတွင်လည်း အခွန်ကောက်ခံသည့် ကုမ္ပဏီများသို့ အလားတူ အစီအစဉ်မျိုး စည်းကြပ်ဆောင်ရွက်လျက်ရှိပါသည်။ စွမ်းအင်သုံးစွဲမှု ဘီလ်များပေါ်ကောက်ခံသည့် value-added tax (VAT)ကို မူလ(၂၁)ရာခိုင်နှုန်းမှ (၁၀)နှုန်းသို့လည်းကောင်း၊ လျှပ်စစ်ဓါတ်အား သုံးစွဲမှုအတွက် အခွန်ကောက်ခံမှုကို မူလ(၇) ရာခိုင်နှုန်းမှ (၀.၅)နှုန်းသို့ လည်းကောင်းလျော့ချပေးခဲ့ပါသည်။ တစ်နှစ်တာကာလ ဓါတ်ငွေ့သုံးစွဲခအတွက် ဥရောပကော်မရှင်၏ သဘောတူခွင့်ပြုချက်ဖြင့် ပျမ်းမျှသုံးစွဲသည့် တစ်မီဂါဝပ်နာရီလျှင် ယူရို(၅၀) အောက် လျော့နည်းသတ်မှတ်ထားရှိပြီး တစ်နှစ်ဝင်ငွေ ယူရို(၁၄၀၀၀)ထက် လျော့နည်းရရှိသူများအတွက်လည်း တစ်ကြိမ်ထောက်ပံ့ငွေအဖြစ် ယူရို(၂၀၀)စီ သတ်မှတ်ထားရှိပါသည်။

နယ်သာလန်နိုင်ငံတွင် အိမ်ထောင်စုများအားလုံးအတွက် နိုဝင်ဘာလ(၁)ရက်နေ့မှစတင်၍ လျှပ်စစ်နှင့်ဓါတ်ငွေ့ဈေးနှုန်းများ သတ်မှတ်ပေးမည်ဖြစ်ပြီး နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွက် ကျသင့်သည့်ဘီလ်များအပေါ် ယူရို (၁၉၀)စီ လျော့ပေါ့ပေးမည်ဖြစ်သည်။ ထို့ပြင်အစိုးရအနေဖြင့် ဝင်ငွေနည်းပါးသောအိမ်ထောင်စုများအတွက်ယူရို(၁၃၀၀)စီ တစ်ကြိမ်ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ စွမ်းအင်သုံးစွဲမှုအပေါ် value-added tax (VAT) ကိုလည်း မူလ(၂၁)ရာခိုင်နှုန်းမှ (၇)ရာခိုင်နှုန်းသို့ လျော့ချ သတ်မှတ်ပေးထားပြီးဖြစ်ပါသည်။

ပိုလန်နိုင်ငံတွင် စွမ်းအင်၊ဓါတ်ဆီနှင့်အခြေခံစားကုန်များအပေါ် အခွန်ကောက်ခံမှုများလျော့ချပေးခဲ့ပြီး အိမ်ထောင်စုများ     နှင့်ကျောင်း၊ဆေးရုံစသည့် အဖွဲ့အစည်းများအတွက် သတ်မှတ်ဓါတ်​ငွေ့ဈေးနှုန်းများအတိုင်း ကောက်ခံခြင်းကို ၂၀၂၇ ခုနှစ်အထိတိုးမြှင့်ပေးခဲ့ပါသည်။ ပိုလန်နိုင်ငံအစိုးရက  ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အိမ်​ထောင်စုတစ်ခုလျှင် zlotys (၃၀၀၀)  (ညီမျှ ၆၃၃ ယူရို)ကို ထောက်ပံ့ပေးရန် သဘောတူဆုံးဖြတ်ခဲ့ပြီး ဝန်ကြီးချုပ် Mateusz Morawiecki ကထောက်ပံ့မှုစုစုပေါင်း zlotys (၅၀)ဘီလီယံ(ယူရို ၁၀.၅ဘီလီယံ)ခန့်ရှိကြောင်းပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့်လာ    မည့်နှစ်အတွက် လျှပ်စစ်နှင့်ဓါတ်ငွေ့ဈေးနှုန်းသတ်မှတ်မှုများကို ယခုနှစ်သတ်မှတ်နှုန်းများအတိုင်း ဆက်လက်ထားရှိမည်ဖြစ်ပြီး အိမ်ထောင်စုများအတွက် ၁ နာရီလျှင် (၂၀၀၀)ကီလိုဝပ်နှုန်းသုံးစွဲရန် ကန့်သတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဥရောပနိုင်ငံတစ်ခုဖြစ်သည့် ယူကေနိုင်ငံတွင်လည်း အိမ်ထောင်စုများ၏ စွမ်းအင်သုံးစွဲမှုဘီလ်များအတွက် အောက်တိုဘာလမှ လာမည့်နှစ် မတ်လအထိ ပေါင်စတာလင်  (၄၀၀) ကို (၆) ကြိမ် အရစ်ကျစနစ်ဖြင့် ထောက်ပံ့သွားရန် စီစဉ်ထားရှိပါသည်။ ထို့ပြင် အငြိမ်းစားပင်စင်ခံစားနေသူများ အတွက် လူနေမှုစရိတ်မြင့်မားမှုများကာမိစေရန် လာမည့်ဆောင်းရာသီကာလတွင် အပိုထပ်ဆောင်းကြေးအနေဖြင့် ပေါင်စတာလင်(၃၀၀)ကိုလည်းကောင်း၊ မသန်မစွမ်းသူများအတွက် ပေါင်စတာလင် (၁၅၀)ကိုလည်းကောင်း ထောက်ပံ့ရန်စီစဉ်ထားရှိပါသည်။ ဈေးဆိုင်များစားသောက် ဆိုင်များအနေဖြင့် ပထမ(၆)လ နောက်ပိုင်းတွင် စွမ်းအင်သုံးစွဲမှုဘီလ်များအတွက်ဘဏ္ဍာငွေထောက်ပံ့မှုရရှိရန်စီစဉ်ပေးထားပါသည်။ ယခင်ဝန်ကြီးချုပ် Ms.LizTruss လက်ထက်တွင် အိမ်ထောင်စုများအားနောက်ထပ်(၂)နှစ် အတွင်း လျှပ်စစ်ဓါတ်အား သုံးစွဲမှုအတွက် ပျမ်းမျှတစ်နှစ်လျှင် ပေါင်စတာလင်  (၂၅၀၀) ထက် ပိုမိုကျခံခြင်းမရှိစေရန် သတ်မှတ်ထားရှိသော်လည်း လက်ရှိအစိုးရသစ် Mr.Rishi Sunak လက်ထက်တွင် First Chancellor ဖြစ်သူ Mr.Jeremy Hunt က အဆိုပါအစီအစဉ်ကို ၂၀၂၃ ခုနှစ် ဧပြီလအထိသာ ကန့်သတ် ခွင့်ပြုထားရှိပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source:https://www.euronews.com/next/2022/10/26/energy-bills-are-soaring-in-europe-what-are-countries-doing-to-help-you-pay-them

Category: Germany