China(Beijing)

ဥရောပသမဂ္ဂနိုင်ငံများနှင့် ကုန်သွယ်မှုစံချိန်တင် မြင့်တက်ခဲ့ခြင်း

Last Updated:

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း တရုတ်နှင့် ဥရောပသမဂ္ဂနိုင်ငံများအကြား ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၇.၁၆ ဘီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူကထက် ၁၄.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အဆိုပါပမာဏသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ရရှိခဲ့သည့် ကုန်သွယ်မှုပမာဏထက် အမေရိကန်ဒေါ်လာ ၅၇၀ သန်း ပိုမိုရရှိခဲ့ ကြောင်း၊ သို့ဖြစ်ရာ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့သည် အာဆီယံနိုင်ငံများအား ကျော်ဖြတ်လျက် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်လာ ကြောင်း တရုတ်၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရှိရပါသည်။

ဥရောပသမဂ္ဂနိုင်ငံများသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ သို့ရာတွင် ၂၀၁၉ ခုနှစ်မှစတင်၍ တရုတ်နှင့် အာဆီယံနိုင်ငံ များအကြား ကုန်သွယ်မှုလျင်မြန်စွာမြင့်တက်လာခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်တွင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏ၊ အမေရိကန်ဒေါ်လာ ၆၄၁.၄၆ ဘီလီယံရရှိခဲ့သည့်အတွက် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ်သို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့ကြောင်း၊ ထို့အပြင် ၂၀၂၀ ပြည့်နှစ်အရောက်တွင် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုပမာဏ၊ အမေရိကန်ဒေါ်လာ ၆၈၄.၆ ဘီလီယံရရှိခဲ့ခြင်းကြောင့် အာဆီယံနိုင်ငံများသည် ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ကို ဖြတ်ကျော်လျက် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ အဖြစ်သို့ ရောက်ရှိလာခဲ့ကြောင်း၊ ဆက်လက်၍ ၂၀၂၁ ခုနှစ်အတွင်း အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၈၇၈.၂ ဘီလီယံရရှိခဲ့ခြင်းကြောင့် အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံအဖြစ် နှစ်နှစ်ဆက်တိုက် ရပ်တည် နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Gao Feng မှ သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများအကြား ကုန်သွယ်မှု သိသာစွာတိုးတက်ခဲ့ကြောင်း၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၈၂၈.၁ ဘီလီယံရရှိခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်ကထက် ၂၇.၅ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် ဥရောပ သမဂ္ဂနိုင်ငံများသည် အရေးကြီးသည့် ကုန်သွယ်ဖက်နိုင်ငံများဖြစ်ပြီး နှစ်ဖက်အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုဖြေလျှော့ရေး၊ နှစ်ဖက်စလုံးမှ အကျိုးကျေးဇူးရရှိစေမည့် တန်ဖိုးချိတ်ဆက်ကူးပြောင်းမှုများ တည်ငြိမ်ချောမွေ့စေရေးတို့အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Gao Feng မှ သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Source: https://www.globaltimes.cn/page/202203/1255194.shtml

 

Category: China(Beijing)