Singapore

ဧပြီလအတွင်း စင်ကာပူနိုင်ငံ၏ ကုန်သွယ်မှု ၁၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း စက်သုံးဆီ မဟုတ်သောပို့ကုန် ၉.၇ ရာခိုင်နှုန်း တိုးတက်

Last Updated:

စင်ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၁၈ -  ၅ - ၂၀၂၀ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့်စာရင်းအရ ၂၀၂၀ ခုနှစ်၊ ဧပြီလတွင် စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှုပမာဏသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက (-) ၁၂.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ပို့ကုန်ပိုင်းတွင် (-) ၁၂.၇ ရာခိုင်နှုန်းနှင့် သွင်းကုန်ပိုင်းတွင် (-) ၁၃ ရာခိုင်နှုန်း အသီးသီးထိုးဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

ကာလအလိုက်ညှိနှိုင်းထားသောစာရင်းအရ ဧပြီလတွင် ပို့ကုန်တန်ဖိုး စင်ကာပူဒေါ်လာ ၃၈.၅ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး စင်ကာပူဒေါ်လာ ၃၆.၁ ဘီလီယံ ရရှိခဲ့သည့်အတွက် စုစုပေါင်း ကုန်စည်ကုန်သွယ်မှုသည် စင်ကာပူဒေါ်လာ ၇၄.၆ ဘီလီယံ ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်း ကုန်သွယ်မှုကျဆင်းခဲ့သော်လည်း စက်သုံးဆီမဟုတ်သော ပြည်တွင်းပို့ကုန် (Non-Oil Domestic Exports) မှာ ၉.၇ ရာခိုင်နှုန်းတိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း၊ စက်သုံးဆီမဟုတ်သောပြည်တွင်းပို့ကုန်အား အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်နှင့် အီလက်ထရွန်နစ် ပစ္စည်းပို့ကုန်ဟု နှစ်ပိုင်းခွဲခြားထားရာ အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်သည် ၁၂.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ အီလက်ထရွန်နစ်ပစ္စည်း ပို့ကုန်မှာ (-) ၀.၆ ရာခိုင်နှုန်း လျှော့ကျခဲ့ကြောင်း၊ အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်များတိုးတက်ခဲ့ခြင်းမှာ အထူးသဖြင့် ဆေးဝါးပစ္စည်း (၁၇၄.၃ %)၊ Food Preparation (၆၆.၃%) နှင့် ရွှေ (၂၅%) တို့ကို တိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်တင်ပို့မှု ကျဆင်းခဲ့ခြင်းမှာ အဓိကအားဖြင့် PCs (-၄၄.၃%)၊ Disk Drives (-၃၂.၉%) နှင့် Diodes & Transistors (-၁၃.၂%) တို့ကို လျော့နည်း တင်ပို့နိုင်ခဲ့သော ကြောင့်ဖြစ်ကြောင်း၊ စက်သုံးဆီ မဟုတ်သောပို့ကုန်များကို တရုတ်၊ ဟောင်ကောင်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းစျေးကွက်များမှလွှဲ၍ စင်ကာပူ၏ အဓိကစျေးကွက်များသို့ တိုးမြှင့် တင်ပို့နိုင်ခဲ့ပြီး၊ အဓိကအားဖြင့် အမေရိကန် (၁၂၄%) ၊ အီးယူ (၁၀၆.၈%) နှင့် ဂျပန် (၈၁.၁%) စျေးကွက်များသို့ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

စက်သုံးဆီတင်ပို့မှုပိုင်းအနေဖြင့် ပနားမား (- ၉၄.၇%)၊ မလေးရှား (- ၆၆%) နှင့် အင်ဒိုနီးရှား (- ၆၁.၈%) နိုင်ငံများသို့ တင်ပို့မှု ကျဆင်းခဲ့သည့်အတွက် ဧပြီလအတွင်း စင်ကာပူ၏ စက်သုံးဆီ ပို့ကုန်သည် (-) ၆၄.၉ ရာခိုင်နှုန်းအထိ ထိုးဆင်းခဲ့ပါသည်။ ပြန်လည်တင်ပို့မှု (Re-exports) အပိုင်းတွင် စက်သုံးဆီမဟုတ်သောကုန်ပစ္စည်းများကို ပြန်လည်တင်ပို့မှုသည် (-) ၈.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)              

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

Category: Singapore