Australia

ဩစတြေးလျကျောက်ပုစွန်တုပ်များကို ထိုင်းနိုင်ငံသို့ တင်ပို့မည်

Last Updated:

ဩစတြေးလျအနောက်ပိုင်းမှရရှိသည့် ကျောက်ပုစွန်တုပ်အရှင်များကို ထိုင်းနိုင်ငံတွင် စားသုံးရန်ရည်ရွယ်ချက်အတွက် တင်ပို့ခွင့်ပြုမည့် ကျန်းမာရေးထောက်ခံချက် လက်မှတ်အသစ်ကို ဩစတြေးလျနှင့် ထိုင်းနိုင်ငံတို့အကြား အပြီးသတ်ဆောင်ရွက်ပြီးဖြစ်ကြောင်း Austrade သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဩစတြေးလျနိုင်ငံ၊ စိုက်ပျိုးမွေးမြူရေး၊ ရေနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ကျန်းမာရေးထောက်ခံချက်လက်မှတ်အတွက် လိုအပ်သော နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ညိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ကျန်းမာရေးထောက်ခံချက်သည် ၁-၉-၂၀၂၁ ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံသို့တင်သွင်းမည့် ပုစွန်တုပ်မျိုးစိတ်အားလုံးအတွက် အကျုံးဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထောက်ခံချက်လက်မှတ်အသစ်ဖြင့် ဩစတြေးလျနိုင်ငံ၊ အနောက်ပိုင်းဒေသထွက် ပုစွန်တုပ်များကို ထိုင်းနိုင်ငံသို့ ပထမဆုံးတင်ပို့နိုင်မည်ဖြစ်ပါသည်။ အဆိုပါ ပုစွန်တုပ်များတွင် အပူပိုင်းကျောက်ပုစွန် (tropical Rock Lobsters) နှင့် Ornate Rock Lobsters တို့လည်း အကျုံးဝင်ပါသည်။ သို့သော် ဩစတြေးလျတင်ပို့သူများ သည် အခြားကျောက်ပုစွန်မျိုးစိတ်များ (ဥပမာ-တောင်ပိုင်းကျောက်ပုစွန်) တင်သွင်းခွင့် အတည်ပြုချက်အတွက် ထိုင်းနိုင်ငံမှ တင်သွင်းသူများနှင့် စစ်ဆေးသင့် ကြောင်းနှင့် ပထမအကြိမ်တင်သွင်းခြင်းအတွက် ထိုင်းအာဏာပိုင်များ၏ စစ်ဆေးမှုကို ခံယူရမည်ဖြစ်ကြောင်း၊ တင်ပို့သူများသည် ထိုင်းနိုင်ငံ၏ ကျောက်ပုစွန်တင် သွင်းခြင်းဆိုင်ရာ လိုအပ်ချက်များကို ကုန်တင်သွင်းနိုင်ငံ၏ လိုအပ်ချက်များလက်စွဲ (Manual of Importing Country Requirements) တွင်ပြန်လည်သုံးသပ်သင့် ကြောင်း Austrade က အသိပေးထုတ်ပြန်ထားပါသည်။

ဩစတြေးလျ ကျောက်ပုစွန်တင်ပို့မှုမှာ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် သိသာစွာကျဆင်းခဲ့ပါသည်။ ထို့အပြင် COVID-19 ကြောင့် တရုတ်နိုင်ငံဈေးကွက်တွင် အနှောင့် အယှက်များနှင့် ကမ္ဘာလုံးဆိုင်ရာ ဧည့်ဝတ်ပြုမှုကဏ္ဍ (global hospitality sector) များကို ပိတ်ပစ်ခြင်းတို့ကြောင့် ကျောက်ပုစွန်တင်ပို့မှုအပေါ် သက်ရောက်မှုရှိခဲ့ပြီး၊ ဩစတြေးလျနိုင်ငံ၏ ကျောက်ပုစွန်ထုတ်လုပ်မှုမှာ လျော့ကျသွားကာ တင်ပို့မှုဈေးနှုန်းမှာလည်း ကျဆင်းခဲ့ရပါသည်။ ၂၀၁၆-၂၀၁၇ ခုနှစ်ရှိ ကျောက်ပုစွန်ပျမ်းမျှဈေး နှုန်း တစ်ကီလိုဂရမ်လျှင် ဩစတြေးလျဒေါ်လာ ၈၁.၆၇ မှ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၂၅.၃၄ % ကျဆင်းကာ တစ်ကီလိုဂရမ်လျှင် ဩစတြေးလျဒေါ်လာ ၆၀.၉၄ သို့ ကျဆင်းခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ပင်လယ်စာအပါအဝင် ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအတွက် ကြီးထွားလာသော ဈေးကွက်တစ်ခုဖြစ်လာပြီး၊ ထိုင်းနိုင်ငံသို့ ကျောက်ပုစွန်တင်ပို့မှုမှာ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဩစတြေးလျဒေါ်လာ ၄၂,၀၀၀ မှ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဩစတြေးလျဒေါ်လာ ၉.၄  သန်းအထိ မြင့်တက်ခဲ့ပါသည်။ COVID-19 ကြောင့် အရည်အသွေးမြင့် စားသောက်ကုန်၀ယ်လိုအား နည်းပါးသော်လည်း ထိုင်းနိုင်ငံမှဩစတြေးလျကျောက်ပုစွန် တင်သွင်းမှုသည်တိုးလာခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုများ ပြန်လည်စတင်ပြီး COVID-19 ဆိုင်ရာကန့်သတ်ချက်များမှ ပြန်လည်နာလန်ထူလာခြင်းကြောင့် ထိုင်းနိုင်ငံတွင် အရည်အသွေး မြင့် အစားအစာ၀ယ်လိုအားမြင့်တက်လာမည်ဟု မျှော်လင့်ရပါသည်။

ဈေးကွက်စုံလင်ကွဲပြားမှုမှာ ဩစတြေးလျနိုင်ငံ၏ ကျောက်ပုစွန်ကဏ္ဍအတွက် အဓိကဦးစားပေးတစ်ရပ်ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေးများ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် စျေးကွက်သစ်များတွင် ဝယ်လိုအားတည်ဆောက်ရန် ကြိုးပမ်းမှုများသည် အနာဂတ်ကျောက်ပုဇွန်တင်ပို့မှုကို မြှင့်တင်ပေးမည်ဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ နှင့် ၂၀၂၀-၂၀၂၁ ခုနှစ်အကြား ကျောက်ပုစွန်မျိုးစိတ်အား လုံးတင်ပို့မှုမှာ ဩစတြေးလျဒေါ်လာ ၁.၆ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး၊ အနောက်ပိုင်းကျောက်ပုစွန် ၁ ဘီလီယံဖိုး၊ တောင်ပိုင်းကျောက်ပုစွန် ၅၄၈ သန်းဖိုးနှင့် Ornate နှင့် tropical rock lobster ၉၀ သန်းဖိုး အသီးသီးတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: Austrade

Category: Australia