Australia

ဩစတြေးလျအစိုးရက ပို့ကုန်မြှင့်တင်ရေး အကူအညီအသစ်များထပ်မံပေးအပ်ခြင်း

Last Updated:

ဩစတြေးလျပို့ကုန်လုပ်ငန်းရှင်များသည် အလုပ်အကိုင်များဖန်တီးပေးခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာစေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး၊ ယခုအခါအစိုးရက ပို့ကုန်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများ (Export Market Development Grants -EMDG) အစီအစဉ်တွင် အထောက်အပံ့အသစ်အဖြစ် ဩစတြေးလျဒေါ်လာသန်း ၈၀ ရန်ပုံငွေကို ထပ်မံဖြည့်တင်းပေးရာ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် EMDG အစီအစဉ်အရ အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ကုန်သွယ် ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက (၂၃-၁၂-၂၀၂၁) ရက်နေ့က သတင်းထုတ်ပြန်ထားပါသည်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးသည့် EMDG ထောက်ပံ့ကြေးကိုရယူလိုသည့် ပို့ကုန်လုပ်ငန်းရှင်အရေအတွက်မှာ ၂၀၂၁ ခုနှစ်တွင် မြင့် တက်လာခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲထားသော EMDG အစီအစဉ်အရ စီးပွားရေးလုပ်ငန်းများမှာ ထောက်ပံ့ကြေးလျှောက်ထားရန် ပိုမိုလွယ်ကူစေခြင်းဖြင့် EMDG ထောက်ပံ့ကြေးရယူလိုသည့် လုပ်ငန်းများ ယခုနှစ်တွင် အထူးအားကောင်းလျက်ရှိကြောင်း၊ လျှောက်ထားမှုများပြားလာသောကြောင့် အစိုးရအနေဖြင့် လာမည့် လေးနှစ်တာကာလအတွင်း ဩစတြေးလျဒေါ်လာသန်း ၈၀ ကို ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာန၊ ဝန်ကြီး Dan Tehan ကပြောကြားခဲ့သည်။

ဝန်ကြီးက Tehan က သြစတြေးလျစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ လုပ်ငန်းများကို ကမ္ဘာနှင့်အဝှမ်း ကြီးထွားတိုးတက်လာစေရန် အစိုးရကပံ့ပိုးပေးသည့် သက်သေပြသပြီးဖြစ်ပါကြောင်း၊ EMDG အစီအစဉ်သည် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဈေးကွက်သစ်များတွင် ထင်ရှားပေါ်လွင်စေပြီး၊ ပြင်းထန်သော ပြိုင်ဆိုင်မှု များအကြား ရှိနှင့်ပြီးသားဈေးကွက်များကို ချဲ့ထွင်ရန်ကူညီပေးသည့် အရေးကြီးသော အစီအစဉ်တစ်ခုဖြစ်ပါကြောင်း၊ သြစတြေးလျ စီးပွားရေးလုပ်ငန်း ၄,၀၀၀ ကျော် သည် COVID-19 ၏ အကျိုးသက်ရောက်မှုကို စီမံခန့်ခွဲရာတွင် ကူညီနိုင်ရန် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် EMDG အစီအစဉ်မှတစ်ဆင့် ၎င်းတို့၏ ပို့ကုန်လုပ်ငန်းများအတွက် ပံ့ပိုးမှုဒေါ်လာ ၁၉၂ သန်းကျော်ရရှိခဲ့ပါကြောင်း ပြောကြားခဲ့သည်။

ပို့ကုန်လုပ်ငန်းရှင်များအတွက် အထောက်အပံ့ပေးလျက်ရှိသည့် EMDG အစီအစဉ်အတွက် စုစုပေါင်းရန်ပုံငွေကို ပုံသေသတ်မှတ်ထားပြီး၊ သြစတြေးလျကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင် (The Australian Trade and Investment Commission- Austrade) မှ စီမံခန့်ခွဲလျက်ရှိပါသည်။ ယခုနှစ်တွင် Austrade သည် Stakeholders များနှင့် နီးကပ်စွာဆောင်ရွက်၍ သိသာထင်ရှားသော ကြိုးနီစနစ်ကို ဖယ်ရှားကာ လျှောက်လွှာစတင်လျှောက်ထားမှုမှ အကူအညီပေးအပ်သည့် အဆင့် အထိ ဆောင်ရွက်သည့်လုပ်ငန်းစဉ်ကို ဒီဇိုင်းရေးဆွဲဖော်ထုတ် ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ၏ အကူအညီလျှောက်ထားရယူမှုကို လွယ်ကူစေသည့်အပြင် ထောက်ပံ့ ငွေနှင့်ကိုက်ညီမှုရှိသော ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ရရှိမည့်အထောက်အပံ့ကို ကြိုတင်သတ်မှတ်ပေးသည့် နှစ်ရှည်သဘောတူညီချက်များမှတစ်ဆင့် သေချာမှုရရှိ စေနိုင် ကြောင်းသိရှိရပါသည်။

ယခုနှစ်တွင် Austrade သည် ပြုပြင်ပြောင်းလဲထားသော EMDG အစီအစဉ် ထောက်ပံ့ကြေးအတွက် လျှောက်လွှာပေါင်း ၅,၃၀၀ ကျော်လက်ခံရရှိခဲ့ပြီး၊ အစီအစဉ် အကောင်အထည်ဖော်ဆောင်သည့်တလျှောက် အမြင့်ဆုံးအရေအတွက်ဖြစ်ရာ အစီအစဉ်အသစ်၏ စီးပွားရေးလုပ်ငန်းများအတွက် ခိုင်မာသောပံ့ပိုးမှုကို သရုပ်ပြခြင်းဖြစ် ပါကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.gov.au

Category: Australia