USA

၁၉၈၂ ခုနှစ်နောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်၊ ငွေကြေးဖောင်းပွမှု ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းအား တင်ပြခြင်း

Last Updated:

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှမတဖြစ်ပေါ်လျက်ရှိသောကြောင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၌ ကုန်ဈေး နှုန်းသည် ယမန်နှစ်၊ ကာလတူထက် ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စီးပွားရေးပြန်လည်ထူထောင်နိုင်ရန် ဖယ်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများမှ ပေးအပ်သည့် နိုးကြားရေး အထောက်အပံ့များကလည်း ကုန်ဈေးနှုန်းတိုးမြှင့်သွားစေပြီး ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေကြောင်း၊ ၁၉၈၂ ခုနှစ်နောက်ပိုင်း၊ နှစ်ပေါင်း ၄၀ အတွင်း အလျင်မြန်ဆုံး ငွေဖောင်းပွမှုဖြစ်ပေါ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

အမေရိကန်၊ အလုပ်သမားရေးရာဝန်ကြီးဌာနက ၁၂-၁-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း စားသုံးကုန်၊ လူသုံးကုန်စည်များနှင့် ဝန်ဆောင်မှုဈေးနှုန်းများကို တိုင်းတာသည့် စားသုံးသူဈေးနှုန်းကိန်းသည် ယမန်နှစ်၊ ဒီဇင်ဘာလထက် ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ နိုဝင်ဘာလထက် ၆.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ငွေဖောင်းပွမှုသည် လာမည့်လများတွင် အမြင့်ဆုံးအဆင့်ကို ရောက်လာနိုင်ဖွယ်ရှိကြောင်း၊ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် မူဝါဒများအတွက် စိန်ခေါ်မှုတစ်ရပ် ဆက်လက်ဖြစ်ပေါ်နေမည်ဟု Weclls Fargo မှ အကြီးတန်းစီးပွားရေးပညာရှင်နှင့် ဒါရိုက်တာဖြစ်သူ Mr. Sarah House က ဆိုပါသည်။

ယခင်က ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr. Paul Volcker က ငွေဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန် ဘဏ်တိုးနှုန်းကို သိသိသာသာတိုးမြှင့်ခဲ့ရာ ၁၉၈၀ ခုနှစ်တွင် ဆိုးဝါးစွာ စီးပွားရေးကျဆင်းမှုဖြစ်ခဲ့ကြောင်း၊ ၁၉၈၂ ခုနှစ်နောက်ပိုင်းလများမှသာ ငွေဖောင်းပွမှုနှင့် ဘဏ်တိုးနှုန်း သိသိသာသာကျဆင်းခဲ့ကြောင်း ဖော်ပြထားပါ သည်။

ယခုအခါ ကပ်ရောဂါကြောင့် ထောက်ပံ့ပို့ဆောင်မှုတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း၊ အထူးသဖြင့် ဝယ်လိုအားနှစ်ဆမြင့်တက်မှုကြောင့် မော်တော်ကား ရောင်းလိုအား လိုက်မမီသည့်အတွက် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း၊ ဝယ်လိုအားမြင့်တက်လျက်ရှိသည့် မော်တော်ကား၊ ပရိဘောဂနှင့် အခြားတာရှည်ခံ ကုန်စည်များ ဈေးနှုန်းသည် တစ်ဆတစ်ဆမြင့်တက်လာပြီး ငွေဖောင်းပွမှုကို ပိုမိုမြင့်တက်စေကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မော်တော်ကားဟောင်းနှင့် ကုန်တင်ကားဟောင်းဈေးနှုန်းများသည် ယမန်နှစ်ကထက် ၃၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပရိဘောဂပစ္စည်းဈေးနှုန်းများ ၁၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ယခုနှစ် ၂၀၂၂ ခုနှစ်တွင် ရောင်းလိုအားနှင့် ဝယ်လိုအားများ မျှတလာနိုင်ပြီး ငွေဖောင်းပွမှုများ ကျဆင်းလာနိုင်သည်ဟု စီးပွားရေးပညာရှင်များနှင့် ဗဟိုဘဏ်က မျှော်လင့်ခဲ့ကြသော်လည်း အိုမီခရွန်မျိုးကွဲ ထပ်မံပြန့်နှံ့လျက်ရှိသည့်အတွက် စီးပွားရေးခန့်မှန်းချက်များ မရေရာနိုင်သည့် အခြေအနေဖြစ်နေကြောင်းလည်း ဖော်ပြ ထားပါသည်။ ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell က ယခုနှစ်အတွင်း ထောက်ပံ့ရေးအခက်အခဲများ ပြေလည်လာပြီး ငွေဖောင်းပွမှုကို လျော့ကျလာစေနိုင်သည်ဟု ပြောကြားခဲ့ကြောင်း၊ သို့သော်လည်း နည်းပါးသည့် လုပ်သားအင်အားသည် ပြဿနာတစ်ရပ်ဖြစ်လာနိုင်ပြီး ငွေဖောင်းပွမှုဆီ ဦးတည်သွားနိုင်ပြီး ယခုဖြစ်ပေါ်လျက်ရှိ သည့် ထောက်ပံ့မှုအခက်အခဲကြောင့် ဖြစ်ပေါ်လျက်ရှိသည်ထက် ပိုမိုဆိုးရွားလာနိုင်သည်ဟု မှတ်ချက်ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ အလုပ်အကိုင်အစီရင်ခံစာတွင် လုပ်သားဈေးကွက် ဆက်လက်ကြပ်တည်းလျက်ရှိမည်ဟု ဖော်ပြထားကြောင်း၊ နိုဝင်ဘာလတွင် အလုပ်လက်မဲ့နှုန်း ၄.၂ ရာခိုင်နှုန်းမှ ဒီဇင်ဘာလတွင် ၃.၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် လျင်မြန်စွာပြန့်နှံ့မှုသည် လုပ်သားရှားပါးမှု ဖြစ်ပေါ်လျက်ရှိပြီး ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီမြို့)

Source: The Wall Street Journal (12-1-2022)

Category: USA