Singapore

၂၀၂၀ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ စီးပွားရေးသည် ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း ဘောင်အတွင်း ကျဆင်းနိုင်ဟု သတင်းထုတ်ပြန်

Last Updated:

စင်ကာပူနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ခုနှစ်တွင် ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းဘောင် အတွင်း ကျဆင်းနိုင်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၁၁ - ၈ - ၂၀၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ယခုခန့်မှန်းချက် သည် စီးပွားရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ အရ ယခင်ကခန့်မှန်းခဲ့သော ၄ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းဘောင်အတွင်းကျဆင်းမည်ဟု  ကြိုတင်ခန့်မှန်းချက်အပေါ် ရာခိုင်နှုန်းဘောင်ကို အနည်းငယ်ကျဉ်းမြောင်း၍ ခန့်မှန်းလိုက်ခြင်းဖြစ်ပြီး၊ ၂၀၂၀ ခုနှစ်၊ ဒုတိယ(၃)လပတ် (ဧပြီလမှ ဇွန်လအထိ) အတွင်း စင်ကာပူ၏ စီးပွားရေး သည် ၁၃.၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

စင်ကာပူတွင် ကိုဗစ် ၁၉ ကပ်ရောဂါထိန်းချုပ်နိုင်ရန်အတွက် ဧပြီလ ၇ ရက်မှ ဇွန်လ ၁ ရက်အထိ လုပ်ငန်းဆောင်ရွက်မှုနှင့် အသွားအလာကန့်သတ်ထိန်းချုပ်မှုများကို ဆောင်ရွက်ခဲ့သော Circuit Breaker အစီအမံနှင့် ကိုဗစ် ၁၉ ကပ်ရောဂါ၏ ဂယက်ရိုက်ခတ်မှုကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းလာမှုနှင့်အတူ ပြည်ပနိုင်ငံများ၏ဝယ်လိုအား နှေးကွေးသွားခဲ့သော အကြောင်းရင်းများက စီးပွားရေးကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယ (၃) လပတ်အတွင်း ထိခိုက်မှုအများဆုံးဖြစ်ပေါ်ခဲ့သော လုပ်ငန်းကဏ္ဍများမှာ ဆောက်လုပ်ရေးကဏ္ဍ (- ၅၉.၃ ရာခိုင်နှုန်း)၊ တည်းခိုနေထိုင်ရေးနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ (- ၄၁.၄ ရာခိုင်နှုန်း)၊ သယ်ယူ ပို့ဆောင်ရေးနှင့်သိုလှောင်ထိန်းသိမ်းရေးလုပ်ငန်းကဏ္ဍ (- ၃၉.၂ ရာခိုင်နှုန်း) နှင့် စီးပွားရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ (- ၂၀.၂ ရာခိုင်နှုန်း) တို့ဖြစ်ပါကြောင်း၊ ထို့ပြင် ဤကာလအတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် အနုတ် ၀.၇ ရာခိုင်နှုန်း၊ အလုပ်လက်မဲ့နှုန်းမှာ ၂.၉ ရာခိုင်နှုန်း၊ ကုန်စည်ကုန်သွယ်မှုအခြေအနေသည် အနုတ် ၁၅.၂ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကုန်သွယ်ရေးအခြေ အနေသည် အနုတ် ၂၂.၂ ရာခိုင်နှုန်းနှင့် လုပ်ငန်းများ၏ပုံသေပိုင်ပစ္စည်းများ အပေါ် ရင်းနှီးမြှုပ်နှံမှုအခြေအနေသည် စင်ကာပူဒေါ်လာ ၁.၉ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

Category: Singapore